မြန်မာနိုင်ငံတဝန်းမှာ တိုက်ပွဲဖြစ်ပွားမှု အရှိန်မြင့်တက်လာခြင်းကြောင့် ဆေးရုံ၊ ဆေးပေးခန်း၊ လူနာများ နဲ့ ကျန်းမာရေးဝန်ထမ်းများကို မထိခိုက်ရေး အကာအကွယ်ပေးရန် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ နယ်စည်း မခြားဆရာဝန်များအဖွဲ့ (MSF) အဖွဲ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်က တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီးနောက် ရှမ်းပြည်နယ်၊ ကချင် ပြည်နယ် ရခိုင်ပြည်နယ်တို့မှာ ကျန်းမာရေးဝန်ထမ်းများ တိုက်ခိုက်ဖမ်းဆီးခံရခြင်းများရှိလာခဲ့ပြီးနောက် (MSF) အဖွဲ့ကအခုလို တိုက်တွန်းတောင်းဆိုလိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းဆေးရုံကို ဒရုန်းထိမှန်တာကို ထောက်ပြပြီး လက်ရှိ ပဋိပက္ခတွေ တိုးလာနေချိန်မှာ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေ အကာအကွယ် မရတာဟာ စိုးရိမ်စရာ အခြေအနေ ဖြစ်လာနေတယ်လို့ MSF က သတိပေးပါတယ်။
ရှမ်းမြောက်တိုက်ပွဲတွေ ပြင်းထန်လာတဲ့ အောက်တိုဘာလကုန် လောက်ကစလို့ ပန်ဆိုင်းဆေးရုံကို ဆက် မလည်ပတ်နိုင်တဲ့အတွက် ဒရုန်း တိုက်ခိုက်ခံရမှုအတွင်း ထိခိုက် ဒဏ်ရာရမှုတော့ မရှိခဲ့ကြောင်း နိုဝင်ဘာလ ၁၈ ရက် နေ့စွဲနဲ့ထုတ်ပြန်တဲ့ MSF ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မကြာသေးမီကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကြောင့် ဒဏ်ရာရရှိသူ လူနာများအပါအဝင် လူနာအချို့ ဆေးကုသမှုခံယူနေရတဲ့ ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ မင်းပြားမြို့နယ်ပြည်သူ့ဆေးရုံသို့ လက်နက်ကြီးထိမှန်ခဲ့ကြောင်း MSF Myanmar ဆိုပါတယ်။
လက်နက်ကိုင် ပဋိ့က္ခတွေကြောင့် အထူးသဖြင့် ရှမ်း၊ ကချင်နဲ့ ရခိုင်ပြည်နယ်တွေမှာ MSF ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီပေးရေး လုပ်ငန်းတွေ ရပ်ဆိုင်းထားရတာ၊ ဒါမှမဟုတ် အကန့်အသတ်နဲ့ လုပ်ဆောင်ရတာကြောင့် ထိခိုက်မှုတွေရှိနေပြီး ဒေသခံလူထုတွေရဲ့ ကျန်းမာရေး လိုအပ်ချက်တွေအတွက် စိုးရိမ်စရာ ဖြစ်လာတဲ့အကြောင်းလည်း ပြောပါတယ်။
ဆေးရုံနဲ့ ကျန်းမာရေးဆိုင်ရာအခြေခံအဆောက်အဦးများကို ကာကွယ်ပေးရမယ်ဆိုတဲ့အချက်ကို လစ်လျူရှုထားတာကို လက်မခံနိုင်ဖွယ်တွေ့မြင်နေရတယ်။ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာခြင်း ကြောင့် နိုင်ငံတဝှမ်းမှာ ဆေးဝါးနဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီ လိုအပ်သူမြင့်တက်လာနေတယ်လို့ (MSF) အဖွဲ့ကပြောပါတယ်။
တိုက်ပွဲများဖြစ်ပွားလာကာ ကျန်းမာရေးဆိုင်ရာ အဆောက်အဦးများ တိုက်ခိုက်ခံရခြင်း၊ ဝန်ထမ်းများဖမ်းဆီးခံရခြင်း၊ စတဲ့ ဖြစ်ရပ်တွေဟာ လိုအပ်ချက်ရှိနေတဲ့ လူနာများ ဆေးဝါး ကုသရန်လွှဲချော်မှုများဖြစ်စေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
#politicalnews
#mizzima