မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်တပ်အကြား ပြင်းထန် တိုက်ပွဲများအတွင်း ပိတ်မိခဲ့သည့် ထိုင်းနိုင်ငံသား ၂၅၀ ကျော်ကို တရုတ်မှတဆင့် နေရပ်ပြန်လည် ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၉ ရက်တွင် ပြောသည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က စစ်တပ်ကို တိုက်ခိုက်မှုများ စတင်ဖော်ဆောင်ပြီးနောက် အောက်တိုဘာလကုန်ပိုင်းမှစပြီး နိုင်ငံ၏ နယ်မြေတခွင်တပြင်တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။
တရုတ်နှင့် နယ်စပ်ရှိ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြေမျက်နှာသွင်ပြင် ကြမ်းတမ်းပြီး တောတောင်ဖုံးနေသည့် တောင်ကုန်းဒေသများသည် မဟာမိတ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုများ၏ အာရုံစိုက်ရာ ဖြစ်ခဲ့ပြီး တိုက်ပွဲများသည် များမကြာမီရက်များအတွင်း အွန်လိုင်း ရိုက်စားလုပ်ငန်းများနှင့် လောင်းကစားမှုတို့အတွက် နာမည်ဆိုးထွက်ရာ ဗဟိုချက်ဖြစ်သည့် လောက်ကိုင်မြို့အနီး ချဉ်းကပ်လာခဲ့သည်။
မြန်မာတာဝန်ရှိသူများက ထိုင်း ၂၆၆ ဦးကို လောက်ကိုင်မြို့မှ ၁၀ ကီလိုမီတာ (၆ မိုင်) ခန့် ကွာဝေးသည့် တရုတ်နယ်စပ်သို့ သွားရောက်နိုင်စေရန် ကူညီပေးခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၉ ရက် ထုတ်ပြန်ချက်တွင် ပြောသည်။
ဖိလစ်ပိုင်နှင့် စင်္ကာပူနိုင်ငံသားများကိုလည်း ကူညီပေးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ပြောသော်လည်း ၎င်းတို့နှင့်ပတ်သက်ပြီး အသေးစိတ်ကို ပြောဆိုခြင်း မရှိပေ။
အဆိုပါ အုပ်စုအတွက် တရုတ်နိုင်ငံ ကူမင်းမြို့မှ ဘန်ကောက်သို့ စီးလုံးငှား လေယာဉ်နှစ်စင်းကို ဝန်ကြီးဌာနက စီစဉ်ပေးထားကြောင်းနှင့် ၎င်းတို့သည် ဆိုက်ရောက်ပါက လူကုန်ကူးမှုနှင့် အခြား ပြစ်မှုဆိုင်ရာ မှတ်တမ်းများကို စစ်ဆေးမှု ပြုလုပ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပြောသည်။
“ထိုင်းနိုင်ငံသား မဟုတ်တဲ့ သူတွေကိုကျတော့ သူတို့ ဘန်ကောက်ကို ရောက်တာနဲ့ သူတို့ရဲ့ နိုင်ငံတွေဆီ ပြန်နိုင်ဖို့ သူတို့ရဲ့ သက်ဆိုင်ရာ သံရုံးတွေက ကူညီပေးပါလိမ့်မယ်”
နိုဝင်ဘာ ၁၈ ရက်ကလည်း မြန်မာတိုက်ပွဲများအတွင်း ပိတ်မိခဲ့သည့် ထိုင်းနိုင်ငံသား ၄၁ ဦးကို နှစ်နိုင်ငံအကြား ကုန်းလမ်းနယ်စပ်ကို ဖြတ်ပြီး နေရပ်ပြန်ပို့ခဲ့သေးသည်။