ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်က နယ်ခြားစောင့်စခန်းနှစ်ခုကို ရက္ခိုင့်တပ်တော် (AA) က ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၅ နာရီတွင် စတင်ဝင်ရောက် တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။
အငူမော်-မောင်တော ကားလမ်းပေါ်က ချိန်ခါလီနယ်ခြားစောင့်စခန်းနှင့် ဒုံးပိုက်စခန်းတို့ကို ရက္ခိုင့်တပ်တော် AA က ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်သံများ ကြားရကြောင်း ဆိုသည်။
“ချိန်ခါလီနဲ့ ဒုံးပိုက်စခန်းကို AA က ဝင်သိမ်းတယ်လို့ ကြားရတယ်၊ ရသေ့တောင် ကနေ လက်နက်ကြီး လှမ်းပစ်နေတဲ့အသံတွေလည်း ကြားနေရတယ်” ဟု ဒေသခံ အမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။
ရခိုင်တွင် ၁၀၂၇ စစ်ဆင်ရေး၏ အစကိုရောက်နေဟု မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ကြေညာပြီးနောက် ရက်ပိုင်းအကြာတွင် ရခိုင်မြောက်ပိုင်းက တပ်စခန်းနှစ်ခုကို AA က စတင်ဝင်ရောက် တိုက်ခိုက်နေခြင်း ဖြစ်သည်။
သတင်းပေးပို့နေသည့် နံနက် ၈ နာရီခွဲဝန်းကျင်အထိ ရသေ့တောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ် အထိုင်စခန်းမှ တိုက်ပွဲဖြစ်ပွားရာ နေရာသို့ လက်နက်ကြီးပစ်ခတ်နေသည်မှာ ၁၀ ချက်ထက်မနည်း ရှိပြီဟု ရသေ့တောင်မြို့ပေါ် ဒေသခံအမျိုးသားတဦးကလည်း မဇ္ဈိမကို ပြောသည်။
“ရသေ့တောင်မြို့ပေါ် ၅၃၇ စစ်တပ်က လက်နက်ကြီး ပစ်ကူနေတယ်၊ အခုတောင် သုံးလုံး ပစ်လိုက်တယ်၊ စုစုပေါင်း ၁၀ ချက်ကျော်ပြီ” ဟု ရသေ့တောင်မြို့ခံက ပြောသည်။
ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား ၂၀၂၂ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းက စတင်ပြီး ယာယီနှစ်ဘက်အပစ်ရပ်ထားကြရာ တနှစ်ခန့်အကြာတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားလာခြင်း ဖြစ်သည်။
ယခုတိုက်ပွဲမတိုင်မီ နိုဝင်ဘာလ ၇ ရက်နေ့ ညပိုင်းတွင် မြောက်ဦးမြို့က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးကို ရက္ခိုင့်တပ်တော် ULA/AA က ဖမ်းဆီးမှုဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးသည်။
ထို့ပြင် ရက္ခိုင့်တပ်တော် (AA) ပါဝင်သော မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့သည် “Operation 1027” ကို ကြေညာပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဆင်ရေးများ ပြုလုပ်နေကာ ဒါဇင်နှင့်ချီသော စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ထားသည်။
စာတည်း။ ။ နောင်နောင်
#Mizzima
#ရသေ့တောင်
#ဒုံးပိုက်
#ချိန်ခါလီ