ကောလင်းမြို့အပါအဝင် မြို့ ၅ ခုကို တော်လှန်ရေးတပ်ဖွဲ့များက ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားပြီး နိုင်ငံတစ်ဝန်း စစ်တပ်စခန်းများ ဆက်တိုက်သိမ်းနေ

By Spring
07 November 2023
ကောလင်းမြို့အပါအဝင် မြို့ ၅ ခုကို တော်လှန်ရေးတပ်ဖွဲ့များက ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားပြီး နိုင်ငံတစ်ဝန်း စစ်တပ်စခန်းများ ဆက်တိုက်သိမ်းနေ

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ သိန္နီမြို့တို့ကို သိမ်းပိုက်ထားပြီဖြစ်ကြောင်း ထုတ်ပြန်ထားရာ ပြည်သူ့ကာကွယ်ရေးတပ်များက ကောလင်းမြို့ကိုပါ သိမ်းပိုက်လိုက်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့များက ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ် သိမ်းပိုက်ထားနိုင်တဲ့ မြို့ ၅ ခုရှိလာပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ကောလင်းမြို့ကို နိုဝင်ဘာလ ၆ ရက်နေ့မနက်ပိုင်းမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အတည်ပြုသလို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ပါတယ်။

အဲဒီမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့မှာ ကချင်လွတ်မြောက်‌ရေး တပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့တွေ သုံးရက်ကြာ တိုက်ခိုက်ပြီးနောက် နိုဝင်ဘာလ ၆ ရက် နေ့မှာတော့ မြို့တစ်ခုလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာပါ။

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့များကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေရာ တစ်နေ့ထက် တစ်နေ့ နိုင်ငံတစ်ဝန်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ ပိုမိုများပြားလာနေတာဖြစ်ပါတယ်။

လက်ရှိမှာ ရှမ်းပြည်နယ်၊ နမ့်ခမ်း၊ မန်တုံအပါအဝင် မြို့တွေရဲ့ အချက်အချာကျတဲ့ တပ်စခန်းတွေနဲ့ ရဲစခန်းတွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားပြီး မကြာမီ သိမ်းပိုက်ရရှိတဲ့မြို့အရေအတွက် တိုးတက်များပြားလာနိုင်ခြေရှိနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဆိုကြပါတယ်။

ကောလင်းမြို့သိမ်းတိုက်ပွဲ အောင်မြင်ခဲ့တာကြောင့် အထူးဝမ်းမြောက် ဂုဏ်ယူမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံတော် သမ္မတရုံးက နိုဝင်ဘာ ၆ ရက်မှာ အောင်ပွဲ အမှတ်တရ ဂုဏ်ပြုစကားထုတ်ပြန်ထားပါတယ်။

၄ ရက်ကြာတိုက်ပွဲမှာတော့ ကောလင်းရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့မှာ အခြေချထားတဲ့ စစ်ကောင်စီတပ်သားတွေကို အဆင့်ဆင့် တိုက်ခိုက် သိမ်းယူခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ကောလင်း၊ ကလေး၊ တမူး၊ မြောင်၊ ဒီပဲယင်း စတဲ့ ဒေသတွေနဲ့ မကွေးတိုင်အတွင်းက ဂန့်ဂေါ စတဲ့ ဒေသတွေမှာ စခန်းသိမ်း တိုက်ပွဲတွေ ဖြစ်လာပြီး ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး တပတ်ကျော်အကြာမှာ စစ်ကိုင်းတိုင်းအတွင်းမှာလည်း စစ်ရေးအရှိန်က တဟုန်ထိုး ပိုပြီးမြင့်တက် လာနေတာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်စဉ်အတွင်းမှာ ကောလင်းမြို့ကို စစ်ကောင်စီက လေကြောင်းကနေ အကြိမ် ၂၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ရာ နေရာတွေ ဖြစ်တဲ့ ဝန်းသို၊ ကန့်ဘလူ စတဲ့ ဒေသတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိခဲ့တာကြောင့် နေအိမ်ပျက်စီးတာနဲ့ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

၄ ရက်ကြာတိုက်ပွဲမှာ နှစ်ဖက် ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပေမဲ့ လက်ရှိအချိန်အထိ NUG ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။

#politicalnews

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly