သတ်မှတ်ကာလအတွင်း ရုံးခန်းများ ဖွင့်လှစ်ပြီး ပါတီဝင်ဦးရေပြည့်အောင်လုပ်ဖို့ စစ်ကောင်စီ ဖိအားပေး

By Spring
31 October 2023
သတ်မှတ်ကာလအတွင်း ရုံးခန်းများ ဖွင့်လှစ်ပြီး ပါတီဝင်ဦးရေပြည့်အောင်လုပ်ဖို့ စစ်ကောင်စီ ဖိအားပေး

မှတ်ပုံတင်ခွင့်ရထားတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ သတ်မှတ်ကာလအတွင်းမှာ ပါတီရုံးခန်းတွေဖွင့်ဖို့နဲ့ ပါတီဝင်ဦးရေမပြည့်ရင် ပါတီဖျက်သိမ်းမယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောပါတယ်။

အောက်တိုဘာလ ၂၇ ရက်က ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ နိုင်ငံရေးပါတီ ခုနစ်ပါတီက တိုင်းအဆင့် ပါတီဥက္ကဋ္ဌတွေ၊ တာဝန်ခံတွေနဲ့တွေ့ဆုံချိန်မှာ အခုလိုပြောခဲ့တာပါ။

စစ်ကောင်စီက စိတ်ကြိုက်ပြင်ဆင်ထုတ်ပြန်ထားတဲ့ ဥပဒေအရဆိုရင် နိုင်ငံရေးပါတီတွေဟာ မှတ်ပုံတင်ခွင့်ရတဲ့နေ့ကစလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အင်အားစာရင်းကို တင်ပြပြီး ရက်ပေါင်း ၁၈၀ အတွင်း ပါတီရုံးခန်းတွေ ဖွင့်ရမှာဖြစ်ပါတယ်။

စစ်ကောင်စီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးပါတီများအနေဖြင့် ရုံးခန်းဖွင့်လှစ်ခြင်းနဲ့ နယ်မြေဆင်းကာ ပါတီဝင်အင်အားစုစည်းရာမှာ လုံခြုံမှုမရှိတဲ့အတွက် အခက်အခဲများ ကြုံတွေ့နေရတယ်လို့ နိုင်ငံရေးပါတီတချို့ကပြောကြားထားကြပါတယ်။

ဒါကြောင့် ပါတီရုံးခန်းဖွင့်လှစ်ရာမှာ ဆိုင်းဘုတ်၊ အလံများကို နေအိမ်အခန်းအတွင်းသာ ချိတ်ဆွဲခွင့်ပြုဖို့ ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားကြောင်း သိရပါတယ်။

တစ်နိုင်ငံလုံး စည်းရုံးမယ့် ပါတီများအနေဖြင့် ပါတီဝင်အင်အား အနည်းဆုံး တစ်သိန်းရှိရန်လိုအပ်ပြီး အနည်းဆုံးမြို့နယ်ပေါင်း ၁၆၅ မြို့နယ်မှာလည်း ပါတီရုံးခန်းများ ဖွင့်လှစ်ရန် လို အပ်ကြောင်း သိရပါတယ်။

တိုင်း (သို့မဟုတ်) ပြည်နယ်တစ်ခုခုအား အခြေပြုစည်းရုံးမယ့် နိုင်ငံရေးပါတီများအနေဖြင့် အနည်းဆုံး ပါတီဝင်အင်အား တစ်ထောင်ရှိရန်လိုအပ်ပြီး မြို့နယ်ပေါင်း (၅)မြို့နယ်မှာသာ ပါတီရုံးခန်းဖွင့်လှစ်ရန် လိုအပ်ကြောင်း သိရပါတယ်။

စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အောက်တိုဘာလ ၂၀ ရက်အထိ နိုင်ငံရေးပါတီ ၃၇ ပါတီကို မှတ်ပုံတင်ခွင့်ပြုထားပါတယ်။

စစ်ကောင်စီဟာ ဘယ်အချိန်မှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာ အတိအကျ မပြောပေမယ့် မဲပေးတာကို အီလက်ထရွန်နစ်စနစ်နဲ့ လုပ်မယ်ဆိုပြီး တချို့နေရာတွေမှာ စမ်းသပ်ပြင်ဆင်လေ့လာတာတွေ ခပ်စိပ်စိပ် လုပ်ဆောင်လာနေတာဖြစ်ပါတယ်။

#politicalnews

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly