နယ်စပ်လုံခြုံရေး မြန်မာ-တရုတ် တွေ့ဆုံ ဆွေးနွေး

By Spring
31 October 2023
နယ်စပ်လုံခြုံရေး မြန်မာ-တရုတ် တွေ့ဆုံ ဆွေးနွေး

ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင်သုံးဖွဲ့ စစ်ဆင်ရေးဆင်နွှဲနေချိန် တရုတ်ကို ရောက်ရှိနေတဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဟာ တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ နဲ့ တွေ့ဆုံဆွေးနွေးမှု ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီဝန်ကြီးဟာ အောက်တိုဘာ ၂၉ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ ကျင်းပမည့် ၁ဝ ကြိမ်မြောက် လုံခြုံရေးဆိုင်ရာ ဖိုရမ်ကိုသွားတက်နေတာပါ။

ချိုင်းနားဒေးလီး သတင်းစာရဲ့ ဖော်ပြချက်အရ ဗဟို စစ်ကော်မရှင် ဒုဥက္ကဋ္ဌ Zhang Youxia (ကျန်းယူရှင်း) နဲ့ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး တို့ အောက်တိုဘာလ ၂၉ ရက်က တွေ့ဆုံတာလို့သိရပါတယ်။

နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံနဲ့ လက်တွဲဆောင်ရွက်ဖို့ မျှော်လင့်ကြောင်း တရုတ် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ က ပြောခဲ့သလို စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးကလည်း စစ်တပ်နှစ်ခုကြား ဘက်စုံပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း တုံ့ပြန်ပြောခဲ့ပါတယ်။

နယ်ပယ်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာဖို့အပြင် မြန်မာစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ဆက်ဆံရေး ဆက်လက်ထိန်းသိမ်းသွားဖို့ တရုတ်ဘက်က အဆင်သင့်ဖြစ်နေကြောင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ ကျန်းယူရှင်း (Zgang Youxia) က ထည့်သွင်းပြောခဲ့ပါတယ်။

စစ်ကောင်စီကာကွယ်ရေးဝန်ကြီးအပြင် လာအို ၊ အရှေ့တီမော ၊ မွန်ဂိုလီးယားနဲ့ဘီလာရုစ် နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေကိုလည်း တရုတ်ဗဟို စစ်ကော်မရှင် ဒုဥက္ကဋ္ဌ က လက်ခံတွေ့ဆုံခဲ့ပါသေးတယ်။

အဲဒီတွေ့ဆုံမှုမှာတွေမှာ တရုတ်စစ်တပ်အနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေက စစ်တပ်နဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်ဖို့ ဆန္ဒရှိတာကို ဆွေးနွေးခဲ့တယ်လို့ ချိုင်းနားဒေးလီးက ဖော်ပြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းကနေ တရုတ်နယ်စပ်အထိ ဖြစ်ပွားနေတဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်းမှာပဲ တရုတ်နိုင်ငံရဲ့ နိုင်ငံတော်ကောင်စီဝင် မစ္စတာဝမ်ရှောက်ဟုန်ရဲ့ နေပြည်တော် ခရီးစဉ်လည်းရှိနေပါတယ်။

ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာဝမ်ရှောက်ဟုန်ဟာ ဒီရက်ပိုင်းအတွင်းမှာပဲ နေပြည်တော်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံသွားဖို့ရှိတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မစ္စတာဝမ်ရဲ့ ခရီးစဉ်ဟာ ၁၀၂၇ စစ်ဆင်ရေး မစတင်ခင်ကတည်းက ကြိုတင်စီစဉ်ထားတဲ့ ခရီးစဉ်ဖြစ်ပေမဲ့ သူ့ခရီးစဉ်အတွင်းမှာ ရှမ်းမြောက်တခွင်က တိုက်ပွဲတွေနဲ့ တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေအကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးဖွယ်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန်) နှိမ်နင်းရေး ကိစ္စတွေပါ ဆွေးနွေးကြဖို့ရှိတယ် လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာက တရုတ်နိုင်ငံမှာပြုလုပ်တဲ့ ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုညီလာခံကို မစ္စတာဝမ်ရှောက်ဟုန်က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး ပြည်ထဲရေးဒုတိယဝန်ကြီး၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

#politicalnews

#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly