တရုတ်-မြန်မာ နယ်စပ်က တိုက်ပွဲတွေရပ်တန့်ဖို့ တရုတ်ကတိုက်တွန်းနေပေမယ့် ဆက်လက် တိုက်ခိုက်သွားမယ်လို့ဆို

By Spring
30 October 2023
တရုတ်-မြန်မာ နယ်စပ်က တိုက်ပွဲတွေရပ်တန့်ဖို့ တရုတ်ကတိုက်တွန်းနေပေမယ့် ဆက်လက် တိုက်ခိုက်သွားမယ်လို့ဆို

တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နှစ်ဖက်တွေ့ဆုံ ဆွေးနွေးအဖြေရှာကာ အပစ်ရပ်ကြဖို့  တရုတ်အစိုးရက တိုက်တွန်းထားပေမယ့် သတ်မှတ်ထားတဲ့ စစ်ဆင်ရေး ပစ်မှတ်များကို ပူးပေါင်းတပ်ဖွဲ့များနဲ့အတူ ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ညီနောင်မဟာမိတ် သုံး ဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက တရုတ်-မြန်မာနယ်စပ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေအပေါ် တရုတ်နိုင်ငံအနေနဲ့ အထူးစိုးရိမ်ကြောင်းနဲ့ အမြန်ဆုံးအပစ်ခတ်ရပ်စဲဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က အောက်တိုဘာ ၂၇ ရက်နေ့မှာ တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

တရုတ် မြန်မာနယ်စပ် တည်ငြိမ် လုံခြုံရေးအတွက် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ Mao Ning က သောကြာနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာပါ။

နေ့စဉ်ပုံမှန်ကျင်းပနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက မြန်မာနိုင်ငံမှာ ကိုးကန့်တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်အကြား ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ သဘောထားကို မေးမြန်းရာမှာ… ပြောရေးဆိုခွင့်ရှိသူ Mao Ning က ဒီပဋိပက္ခအခြေအနေကို တရုတ်နိုင်ငံက အနီးကပ် စောင့်ကြည့်နေပြီး၊ အမြန်ဆုံး အပစ်ရပ်ကြဖို့ သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံးကို တိုက်တွန်းကြောင်း ပြောပါတယ်။ 

ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်-MNDAA ၊ တအောင်းတပ်-TNLA နဲ့  ရခိုင့်တပ်တော်-AA တို့ဟယ အောက်တိုဘာ ၂၇ ရက်မှစတင်ကာ ၁၀၂၇ စစ်ဆင်ရေးအဖြစ် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ စစ်ကောင်စီရဲ့ တပ်စခန်းများကို အပြင်းအထန် စတင်တိုက်ခိုက် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်သုံးဖွဲ့က စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့ အပါအဝင် ကွမ်းလုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ နမ့်ခမ်း၊ ကွတ်ခိုင် စတဲ့ အရေးပါတဲ့ မြို့ကြီးတွေက စစ်ကောင်စီ တပ်စခန်းတွေကို အောက်တိုဘာ ၂၇ ရက် မနက် ၄ နာရီကစလို့ နယ်မြေခွဲပြီး တစ်ပြိုင်တည်း ဝင်တိုက်ခဲ့တာပါ။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ လက်ရှိ တရုတ်-မြန်မာ နယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာတဲ့ အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေး၊ Online Game (ကျဖျင်) ကုမ္ပဏီများနဲ့ အဆိုပါ လုပ်ငန်းများကို လုပ်ဆောင်နေကြတဲ့  စစ်ကောင်စီနဲ့  ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ Operation 1027 (၁၀၂၇ စစ်ဆင်ရေး) လို့ အမည်ပေးထားခြင်းဖြစ်ကြောင်း သိရပါတယ်။

#politicalnews
#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly