အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် လာအိုနိုင်ငံက တာဝန်ယူချိန်တွင်လည်း မြန်မာအရေးနှင့်ပတ်သက်ပြီး ရပ်တည်ချက်ပြောင်းလဲမည် မဟုတ်

By Spring
30 October 2023
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် လာအိုနိုင်ငံက တာဝန်ယူချိန်တွင်လည်း မြန်မာအရေးနှင့်ပတ်သက်ပြီး ရပ်တည်ချက်ပြောင်းလဲမည် မဟုတ်

အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှုများပြန်လည်ရရှိစေရန်အတွက် လာအိုနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်မှာလည်း အာဆီယံအဖွဲ့ရဲ့ ရပ်တည်ချက်အပြောင်းအလဲဖြစ်သွားမှာ မဟုတ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် Kao Kim Hourn (ကို ကင်မ် ဟောင်) က ပြောပါတယ်။

မြန်မာအရေးနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ကြား “ကွဲပြားမှု” မရှိကြောင်း တိုကျိုမှာ သောကြာနေ့က ပြုလုပ်တဲ့ Nikkei Asia သတင်းဌာနဲ့ အင်တာဗျူးမှာ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် Kao Kim Hourn က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

အလှည့်ကျဥက္ကဋ္ဌတာဝန်ယူမယ့် ကွန်မြူနစ် လာအိုနိုင်ငံဟာ မြန်မာအရေးနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရမှာ စစ်ကောင်စီအပေါ် ပျော့ပြောင်းတဲ့ သဘောထား ရှိမယ်လို့ ယူဆထားကြကြောင်း သတင်းများထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

တဖက်မှာ ၂၀၂၃ ခုနှစ် ဥက္ကဋ္ဌ အင်ဒိုနီးရှားနဲ့အတူ မလေးရှား၊ စင်္ကာပူနိုင်ငံတွေက စစ်ဗိုလ်ချုပ်တွေအပေါ် ပိုမိုတင်းမာတဲ့ သဘောထား ရှိကြတယ်လို့ လေ့လာသူတွေက ရှုမြင်နေချိန်မှာ အာဆီယံက အခုလို ပြောလာတာပါ။

လာအိုနိုင်ငံဟာ လာမယ့် ၂ဝ၂၄ ခုနှစ်မှာ  အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမည်ဖြစ်ရာ မြန်မာနိုင်ငံငြိမ်းချမ်းမှုများ ပြန်လည်ရရှိစေဖို့နဲ့ အာဆီယံသဘောတူညီချက်ငါးချက်ကို သိသာတိုးတက်အောင် အကောင်အထည်ဖော်ရေး အတွက် ကြိုးပမ်းရဖွယ်ရှိနေကြောင်း သိရပါတယ်။

အာဆီယံအတွင်းရေးမှူးချုပ်က လာမယ့်နှစ်မှာ အာဆီယံအဖွဲ့ ဟာ မြန်မာနိုင်ငံအရေးအတွက် အင်ဒိုနီးရှားနိုင်ငံ လုပ်ခဲ့သောအတိုင်း ဆက်လုပ်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံရေး အငြင်းပွားမှုများနဲ့ပတ်သက်ပြီး လာအိုနိုင်ငံရဲ့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကို လျှော့မတွက်သင့်ကြောင်း ထပ်မံ ပြောကြားခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအရေးကို ဖြေရှင်းဖို့အတွက် အာဆီယံရဲ့ လက်ရှိ ဥက္ကဋ္ဌ၊ အရင် ဥက္ကဋ္ဌနဲ့ နောက် ဥက္ကဋ္ဌ တာဝန်ယူမယ့် နိုင်ငံ သုံးနိုင်ငံ ပူးပေါင်းပြီး ဆောင်ရွက်မယ့် ပုံစံအသစ်ကို ကျင့်သုံးခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလက ဂျကာတာမှာ ကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းအဝေးမှာ အတည်ပြုခဲ့တာပါ။

 မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အာဆီယံရဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်ချက်တွေ ရှိဖို့ လိုအပ်တဲ့အတွက် ဒီပုံစံသစ်ဟာ ကောင်းမွန်တယ်လို့ လည်း အာဆီယံ အထွေထွေအတွင်းရေးမှူး ကအို ကင်မ် ဟောင်က Nikkei Asia သတင်းဌာနကို ပြောသွားပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေးနဲ့ ပဋိပက္ခအတွင်း ဘက်ပေါင်းစုံက အင်အားစုအားလုံးနဲ့ အာဆီယံ အထူးသံတမန်တဦး ထိတွေ့ဆက်ဆံရေး အပါအဝင် အချက် (၅) ချက်ပါ လမ်းပြမြေပုံကို အာဆီယံအဖွဲ့ဝင်တွေနဲ့ မြန်မာစစ်ခေါင်းဆောင်ကြား သဘောတူညီခဲ့ကြပေမယ့် ဒီအစီအစဉ်က သိသာထင်ရှားတဲ့ ရလဒ်တွေ မရရှိတာကြောင့် ဝေဖန်မှုတွေ မြင့်တတ်နေတာဖြစ်ပါတယ်။

#politicalnews
#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly