ကရင်နီပြည်နယ်(ကယား) ၊ ဒီမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ နေ့စဉ် နီးပါးရမ်းသန်းပစ်ခတ်မှုတွေ ပြုလုပ်နေတာကြောင့် လူနေအိမ် ထိခိုက်ပျက်စီးမှုတွေ ရှိနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)က ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ လူနေအိမ်တလုံးပျက်စီးပြီး လယ်ကွင်းထဲ ကျရောက်ခဲ့တာတွေရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူက မဇ္ဈိမကို ပြောပါတယ်။
ဒီမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်စခန်း ၁၅၀ ဝန်းကျင်ရှိပြီး စစ်ဘေးရှောင် ၈၀,၀၀၀ နီးပါးနဲ့ ဒေသခံတွေနေထိုင်ကြပါတယ်။
လတ်တလော ကာလဟာ စပါးနဲ့ပြောင်းဖူး ရိတ်သိမ်းကာလဖြစ်တာကြောင့် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုအပေါ် ဒေသခံတွေ စိုးရိမ်နေကြရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)က ပြောပါတယ်။
ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN
စာတည်း-သန့်ဇော်(သန်လျင်)