မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အတိုက်အခံတွေအပေါ် ရက်စက်ညှဉ်းပန်းမှုတွေအပါအဝင် ရာဇဝတ်မှုတွေကို ဗြောင်ကျကျနဲ့ နေရာအနှံ့ ကျုးလွန်လာတာတွေ့ရတဲ့အကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုအဖွဲ့ IIMM က ပြောဆိုပါတယ်။
ရာဇဝတ်မှုတွေ တိုးလာတာကို တွေ့ရပါတယ်။ ပြောင်ပြောင်တင်းတင်း နေရာအနှံ့ ကျုးလွန်နေတာပါ။ ရွာတွေ မီးလောင်နေတာ၊ အထူးသဖြင့် အရပ်သားတွေ နေထိုင်တဲ့ နေရာတွေကို ဗုံးကျဲ တိုက်ခိုက်တာမှာ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်တာတွေလည်း ကျနော်တို့ တွေ့နေရပါတယ်။
အတိုက်အခံတွေကို ဖမ်းဆီး နှိပ်စက်ညှဉ်းပန်းတာ၊ ဖမ်းဆီးတာ။ အရပ်သားပဲဖြစ်ဖြစ် တိုက်ခိုက်တဲ့သူပဲဖြစ်ဖြစ် မခွဲခြားပဲ တိုက်ခိုက် သတ်ဖြတ်တာတွေလည်း တွေ့နေရပါတယ်ဆိုပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုအဖွဲ့ IIMM အကြီးအကဲ Nicholas Koumjian က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။
မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေ အကြိမ်ရေတိုးလာသလို ပြင်းပြင်းထန်ထန် ချိုးဖေါက်နေတာတွေ တွေ့ရတဲ့အကြောင်း IIMM အဖွဲ့က အရင်ကလည်း အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့ဖူးပါတယ်။
IIMM အဖွဲ့ဟာ ပြစ်မှုကျုးလွန်သူတွေကို အရေးယူတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့မဟုတ်ဘဲ သက်သေ အထောက်အထားတွေ စုဆောင်းပြီး သက်ဆိုင်ရာ နိုင်ငံတကာ တရားရုံးတွေကို ပြန်လည်ပေးအပ်တဲ့ အဖွဲ့ဖြစ်တယ်လို့လည်း Nicholas Koumjian က ပြောပါတယ်။
ဒီအဖွဲ့ကို ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇတ်ဝတ်မှုတွေနဲ့ပတ်သက်လို့ အချက်အလက်စုဆောင်းဖို့ ဖွဲ့စည်းခဲ့တာပါ။
ဒါပေမယ့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကိုပါ အချက်အလက်စုဆောင်းခဲ့ပါတယ်။
စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ လူမှုကွန်ယက် Account ၄၃ ခုကနေ အမုန်းတရား ပျံ့ပွားအောင် ဖြန့်ဝေရေးသားနေတာတွေကိုလည်း တွေ့ရတဲ့အကြောင်း Nicholas Koumjian က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
၂၀၂၃ မေလကနေ ဩဂုတ်အထိ ရက်ပေါင်း ၁၂၃ ရက်အတွင်း စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု ၂၇၂ ကြိမ်ပြုလုပ်ခဲ့ပြီး တစ်ရက်ကို အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၂၄ ရက်နေ့ကလည်း ထုတ်ပြန်ထားပါတယ်။
ဒီ လေးလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၇၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၆၃ ဦး ရှိခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်တစ်ထောင်ခန့် တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၂၈၁ ဦး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး UN OHCHR ရဲ့ စက်တင်ဘာလကထုတ်တဲ့ အစီရင်ခံစာမှာလည်း ဖော်ပြထားပါတယ်။