”ဘူးသပိတ်”ပါဝင်ရန်  ရွာပေါင်းစုံသပိတ် လှုံ့ဆော်ချီတက်

By ပါခွီး (မဇ္ဈိမ)
23 October 2023
”ဘူးသပိတ်”ပါဝင်ရန်  ရွာပေါင်းစုံသပိတ် လှုံ့ဆော်ချီတက်

 စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်းထားသည့် ရွာပေါင်းစုံ သပိတ်ကော်မတီသည် စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် စစ်ကောင်စီထံစီးဆင်းနေသည့် သွေးစွန်းငွေဖြတ်တောက်ရေး အတွက် “ဘူး”ပါဝင်သပိတ်မှောက်ကြရန် လှုံ့ဆော်ချီတက်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်ကောင်စီနှင့် ဆက်စပ်နေသည့် လုပ်ငန်းများမှ ရရှိလာသောဝင်ငွေများကိုအသုံးပြုကာ ပြည်သူလူထုကို နှိပ်စက်သတ်ဖြတ်မှုများ ရပ်ဆိုင်းနိုင်ရေးအတွက် “ဘူး” သပိတ်တွင်ပါဝင်ကြရန်လှုံ့ဆော်ခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် ပတ်သက်နေသည့် လုပ်ငန်းများဖြစ်သော “အောင်ဘာလေထီ” မထိုးရန် ၊ ယာဥ်လိုင်းများဖြစ်သည့် “ရွှေမန်းသူ ၊ ရွှေမြိုင်သူ ၊ သန်မြန်သူ ၊ ပုသိမ်သူ ၊ ရှမ်းမလေး စသော ယာဥ်လိုင်းများ မစီးကြရန်နှင့် “နန်းမြိုင်တံဆိပ် ပါ ကော်ဖီ ၊ တီးမစ် ၊ ရွှေဖီဦးတံဆိပ်ပါ လက်ဖက်ခြောက်” တို့ကို မသုံးစွဲကြရန် ပြည်သူများကို အသိပေးတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီနှင့် ထုတ်ကုန်များမသုံးစွဲခြင်းဖြင့် ပြည်သူ့အသက်များကို ကာကွယ်ပြီး နွေဦးအောင်ပွဲ သို့ ရဲရဲချီတက်ကြရန် တိုက်တွန်းနှိုးဆော်ပြီး စစ်ကောင်စီဆန့်ကျင်ရေး ကြွေးကြော်သံများဟစ်ကြွေးချီတက်ခဲ့ကြကြောင်းသိရသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့ သည် ရက်ပေါင်း ၉၄၄ ရက်မြောက် ချီတက်ခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ယင်းမာပင်
#ဆားလင်းကြီး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly