ရိုဟင်ဂျာဒုက္ခသည်များကို နိုင်ငံတကာက ပို၍ ဦးတည်ချက်ထားရန် ကုလသမဂ္ဂ တိုက်တွန်း

By The New Arab
18 October 2023
ရိုဟင်ဂျာဒုက္ခသည်များကို နိုင်ငံတကာက ပို၍ ဦးတည်ချက်ထားရန် ကုလသမဂ္ဂ တိုက်တွန်း
UNHCR မှ အရာရှိများသည် အာချေးပြည်နယ် Ladong သို့ သောကြာနေ့တွင် ရောက်ရှိပြီးနောက် ယာယီတဲများတွင် ရိုဟင်ဂျာဒုက္ခသည်များကို စစ်ဆေးကြည့်ရှုခဲ့စဉ်။ (Photo: AFP)

ရန်ပုံငွေ အခက်အခဲနှင့် မြန်မာနိုင်ငံသို့ ဘေးကင်းစွာ ပြန်ရေးအတွက် ရေရှည်ဖြေရှင်းမှု ချို့တဲ့ခြင်းကြား ရိုဟင်ဂျာဒုက္ခသည်များ၏ အကျပ်အတည်းပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဆက်လက်ဦးတည်ချက်ထားရန် ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက အင်္ဂါနေ့တွင် တိုက်တွန်းသည်။

၂၀၁၇ ခုနှစ်အတွင်း၌ ဗုဒ္ဓဘာသာလူများစု မြန်မာနိုင်ငံတွင် စစ်တပ်ဦးဆောင်သော ဖြိုခွင်းမှုများအတွင်း ရိုဟင်ဂျာတသန်းနီးပါး ထွက်ပြေးကြပြီး လက်ရှိ၌ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများ၌ နေထိုင်နေရသည်။ ထို ဒုက္ခသည်စခန်းများကို “ကမ္ဘာပေါ်တွင် အကြီးဆုံး လူသားချင်း စာနာထောက်ထားရေး ဒုက္ခသည်စခန်းများ” အဖြစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖီလစ်ပို ဂရန်ဒီက ပြောသည်။

ရိုဟင်ဂျာများအတွက် ယခုနှစ်တွင် လိုအပ်သော အမေရိကန်ဒေါ်လာ ၈၇၅ ဒသမ ၉ သန်း၏ ၄၂ ရာခိုင်နှုန်းကိုသာ ကုလသမဂ္ဂက စီစဉ်ထားနိုင်၍ ဒုက္ခသည်လူဦးရေကို ရေတိုအထောက်အပံ့သာ ပေးနိုင်ကြောင်း ဂရန်ဒီက ရိုက်တာနှင့် အင်တာဗျူးတရပ်တွင် ပြောသည်။

“လူသားချင်း စာနာထောက်ထားရေး အကူအညီ ကျဆင်းတာဟာ အခက်အခဲကို ပိုတိုးစေပါတယ်၊ ဥပမာအနေနဲ့ ခိုလှုံရေးစခန်းတွေ ပြုပြင်မှုမှာပေါ့”ဟု ဂရန်ဒီက ဆိုသည်။

“ခင်ဗျားတို့အနေနဲ့ အချိန်တိုင်း ငွေကြေးရင်းနှီးမြုပ်နှံနေရမှာ ဖြစ်တယ်၊ ငွေကြေးက လိုအပ်ချက် ဖြစ်လာပြီ၊ ဒါကြောင့် အခြေအနေတွေက နောက်ပြန်ဆုတ်လာနေပြီ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ရိုဟင်ဂျာအရေးအတွက် ဒေသတွင်း အဆင့်မြင့်တာဝန်ရှိသူများနှင့် တွေ့ဆုံရန် ဂရန်ဒီက အင်္ဂါနေ့၌ ဘန်ကောက်သို့ ရောက်ရှိနေခြင်း ဖြစ်ပြီး ဒီဇင်ဘာတွင် ပြုလုပ်မည့် ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်ဖိုရမ် မတိုင်မီ အစိုးရများနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ကတိကဝတ်နှင့် ကူညီထောက်ပံ့ရေး ရရှိရန် ကြိုးစားခြင်း ဖြစ်သည်။

ရိုဟင်ဂျာဒုက္ခသည်စခန်းများကို ပြုပြင်ထိန်းသိမ်းခြင်း၊ ရိုဟင်ဂျာကလေးငယ်များကို စာသင်ကြားခွင့် ပြုခြင်းတို့ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက “အံ့ဩလောက်သော” အလုပ်ကို လုပ်ဆောင်ကြောင်း ဂရန်ဒီက ချီးကျူးပြီး ဒုက္ခသည်စခန်းများတွင် စားဝတ်နေရေးအတွက် ဒုက္ခသည်များကို အလုပ်လုပ်ခွင့် ပြုရန် ကုလသမဂ္ဂက လက်ရှိ၌ ဘင်္ဂလားဒေ့ရှ်နှင့် ဆွေးနွေးနေသည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံတွင် လူသားချင်း စာနာထောက်ထားရေး အခြေအနေများ တိုးတက်ကောင်းမွန်ပြီး ဗုဒ္ဓဘာသာနှင့် မွတ်စလင်အသိုင်းအဝိုင်းကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်ကာ စီးပွားရေးဖွံ့ဖြိုးမှုသည် ရိုဟင်ဂျာများ နိုင်ငံရင်းသို့ ဘေးကင်းစွာ ပြန်နိုင်ရေးအတွက် မရှိမဖြစ် ဖြစ်ကြောင်း ဂရန်ဒီက ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၂၁ မှစကာ စစ်အာဏာသိမ်းမှုအောက် ရောက်ရှိနေပြီး အာဏာသိမ်းစစ်ကောင်စီသည် မြန်မာနိုင်ငံသို့ ကျူးကျော်ဝင်ရောက်သူများဖြင့် ကာလရှည် သတ်မှတ်ထားပြီး နိုင်ငံသားဖြစ်ခွင့် ငြင်းဆန်ထားသော ရိုဟင်ဂျာများကို ပြန်လည်ခေါ်ယူရေးတွင် စိတ်တိမ်းညွတ်မှု အနည်းအကျဉ်းကိုသာ ပြသထားသည်။

(မိုးသဲ ဘာသာပြန်သည်။)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly