ရခိုင်ပြည်နယ်၏ သဘာဝအလှတရားများကို အသုံးပြုပြီးမြို့နယ်များကို အလှဆင်သွားမည်ဟု စည်ပင်ဝန်ကြီး ဦးမင်းအောင်ပြော

ရခိုင်ပြည်နယ်၏ သဘာဝအလှတရားများကို အသုံးပြုပြီးမြို့နယ်များကို အလှဆင်သွားမည်ဟု စည်ပင်ဝန်ကြီး ဦးမင်းအောင်ပြော
စစ်တွေမြို့ ဈေး မြင်ကွင်းတစ်နေရာ  ဓာတ်ပုံ-ကျော်မင်း

စစ်တွေ ၊ ဧပြီ ၂၂ ။            ။  ရခိုင်ပြည်နယ် အသီးသီးမှာ ရှိတဲ့ကားဂိတ် ဈေးတွေက ထွက်ရှိလာတဲ့ အမှိုက်သရိုက်တွေနဲ့ လူပါတ်ဝန်းကျင်က ထွက်ရှိလာတဲ့ အမှိုက်သရိုက်တွေကြောင့်  သဘာဝပါတ်ဝန်းကျင်ပျက်စီးခြင်းနဲ့ လူတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစေတဲ့အတွက် ရခိုင်ပြည်နယ် အစိုးရသစ်လက်ထက်မှာ  သက်ဆိုင်ရာဝန်ထမ်းများနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အကောင်းဆုံးလုပ်ဆောင်သွားမယ်လို့ ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောကြားလိုက်ပါတယ်။

“ ရခိုင်ပြည်နယ်မှာ ရှိတဲ့ မြို့နယ် ၁၇ မြို့နယ်လုံးမှာ သဘာဝတရားကပေးတဲ့ အလှပတွေ ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် ဈေးတွေ ဂိတ်တွေ၊ လူမှုပါတ်ဝန်းကျင်က  ထွက်လာတဲ့ အမှိုက်တွေကြောင့် မြို့ချောင်းတွေရဲ့ သဘာဝအလှပ တရားတွေကို ပျက်စီးစေပါတယ်၊ ကျွန်တော်တို့ တာဝန်ယူစဉ်ကာလအတွင်းမှာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားကြပါမယ် “၎င်းကဆိုပါတယ်။

အဆိုပါ ပြောကြားမှုကို ဧပြီ ၂၂ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ပြည်နယ် စည်ပင်သာယာရေးရုံး အစည်းဝေးမှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့မြို့နယ် ၁၇ မြို့နယ်အတွင်းမှာ စည်ပင်အဖွဲ့တွေက လစဉ်ထွက်ရှိလာတဲ့ အမှိုက်တန်ချိန်စာရင်းမှာ (၃၁၅.၅ )တန်ဖြစ်ပြီး တစ်နှစ်အတွက် ခန့်မန်း အမှိုက်ချိန် ၃၇၈၆ တန်ဖြစ်တယ်လို့ ပြည်နယ်စည်ပင်စာရင်းမှတ်တမ်းများအရ သိရပါတယ်။

အမှိုက်ထွက်ရှိမှုများအဖြစ် စစ်တွေ ၁၃၅၆ တန်၊ ပုဏ္ဏားကျွန်း ၃၆ တန်၊ ရသေ့တောင် ၂၄ တန်၊ ပေါက်တော ၁၈ တန်၊ မြောက်ဦး ၄၈ တန်၊ ကျောက်တော် ၂၄၀ တန်၊ မင်းပြား ၁၃၂ တန်၊ မြေပုံ ၁၂တန်၊မောင်တော ၁၂၀ တန်၊ ဘူးသီးတောင် ၁၆၈ တန်၊ ကျောက်ဖြူ၉၆ တန်၊ ရန်းဗြဲ ၁၈ တန်၊ မာန်အောင် ၁၈ တန်၊အမ်း ၂၄ တန်၊သံတွဲ ၁၁၇၀ တောင်ကုတ် ၂၇၀ တန်၊ဂွ ၃၆ တန်တို့ ဖြစ်ကြတယ်လို့ သိရှိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly