ရခိုင်ပြည်နယ်၏ ကျေးရွာ ၃၀၀ ခန့် သောက်သုံးရေ ပြတ်လပ်နိုင်ဖွယ်ရှိ

ရခိုင်ပြည်နယ်၏ ကျေးရွာ ၃၀၀ ခန့် သောက်သုံးရေ ပြတ်လပ်နိုင်ဖွယ်ရှိ
ဓာတ်ပုံ-ကျော်မင်း(စစ်တွေ)

စစ်တွေ၊ ဧပြီ ၂၂ ။          ။ လာမည့် ဧပြီလ နောက်ဆုံးသီတင်းပတ်မှ စတင်ကာ မိုးမဝင်ရောက်မီအချိန်ထိ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသရှိ ကျေးရွာ ၃၀၀ ခန့်မှာ သောက်သုံးရေ ပြတ်လပ်မှုနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးထွန်းဝေက မိဇ္ဈိမကို ပြောကြားလိုက်သည်။ 

"ဟုတ်ကဲ့ ကျွန်တော်တို့ ခန့်မှန်းထားသလောက် မေလအစမှာပဲ ရွာပေါင်း ၃၀၀ လောက်က ရေရှားမှုနဲ့ ကြုံ့တွေ့ရနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်သလောက် လုပ်နေကြပါတယ်။ ကျွန်တော်တို့ အင်တိုက်အားတိုက် ဖြေရှင်းပေးသွားမှာပါ။" 

ရခိုင်ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်၏ မြောက်ဘက်ပိုင်း ဒေသဖြစ်သော ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ပေါက်တော၊ မောင်တော စသည့် မြို့နယ်များမှာ သောက်သုံးရေပြတ်လပ်မှုကို ရင်ဆိုင်ရနိုင်ဖွယ်ရှိပြီး ယခုအချိန်တွင် ရသေ့တောင်မြို့နယ် ကျေးရွာအချို့၌ ရေရှားပါးမှုနှင့် စတင်ကြုံတွေ့နေရပြီ ဖြစ်သည်။

"ကျနော်တို့ ကျေးရွာသားတွေအားလုံးက အခု တစ်အိမ်ထောင်စုအတွက် သွပ်ရေအိုး ၂ ခွက် လောက်ပဲ သုံးနေကြရပါတယ်" ဟု ရသေ့တောင်မြို့နယ် ဒေသခံ ဦးမောင်ထွန်းလှက ပြောသည်။

ရခိုင်ပြည်နယ်၏ သောက်သုံံးရေပြတ်လပ်မှု ပြဿနာကို ဖြေရှင်းနိုင်ရန် ကျေးလက်ဒေသ ဦးစီးဌာနမှ ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်း လက်တူးတွင်းပေါင်း ၂၁၉ တွင်း၊ မြေသားကန်ပေါင်း ၃၀၈ ကန်၊ စိမ့်စမ်းပေါင်း ၄၉ ခု ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သော်လည်း ယခုနှစ်တွင် လိုအပ်ချက်အရ ထပ်မံတူးဖော်မှုပြုနိုင်ရန် ဆောင်ရွက်သွားမည်ဟု ရခိုင်ပြည်နယ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly