မြောင်တွင် စစ်ကောင်စီတပ်က နေအိမ် ၂၀ နီးပါးကို မီးရှို့ဖျက်ဆီး

By ၀၀၈ (မဇ္ဈိမ)
13 October 2023
မြောင်တွင် စစ်ကောင်စီတပ်က နေအိမ် ၂၀ နီးပါးကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ခေါင်းခွဲကျေးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၂ရက် ညနေ ၅နာရီခန့်တွင် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၀ နီးပါး နှင့် နွားလေးကောင် သေဆုံးခဲ့ကြောင်း မီးဘေးသင့် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ကိုထွဋ်ခေါင်ဝင်းကပြောသည်။

"ညနေ ၅နာရီလောက် ပစ်ဝင် ဝင်လာတယ်။ ရွာအလယ်ပိုင်းကို စရှို့တယ်။ အခုကျွန်တော်တို့ စာရင်းကောက်တော့ အိမ်က ၂၀ကျော်မယ်။ နွားလေးကောင် သေတယ်။

တခြားတော့ ဘာမှမသိသေးဘူး။ ရှင်းတုန်းပဲ"ဟု ကိုထွဋ်ခေါင်ဝင်းက ပြောသည်။ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းတွင် အထိုင်ချ တပ်စွဲထားသည့် စစ်ကောင်စီတပ်က အင်အား ၆၀ ဖြင့်စီးနင်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ မီးရှို့ပြီးနောက် ည ၆ နာရီကျော်တွင် ရေစကြိုမြို့နယ်ဘက်သို့ ထွက်ခွာသွားပြီး လမ်းတစ်လျှောက်ရှိ ကျေးရွာများကိုလည်း ဖျက်ဆီးခဲ့ကြောင်း မြောင်ဒေသခံတဦးကဆိုသည်။

"သူတို့ထွက်မှ ရွာထဲဝင် မီးငြှိမ်းရတယ်။ ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်လေးတွေလည်း ကူငြှိမ်းကြတယ်။

ဘာမှ မရလိုက်ပါဘူး။ အကုန်ကုန်တာပဲ "ဟု မြောင်ဒေသခံက ပြောသည်။

လက်ရှိတွင် ယနေ့နံနက်ပိုင်းအထိ အပျက်အစီးများရှင်းလင်းနေဆဲဖြစ်ပြီး မီးဘေးသင့်ပြည်သူများသည် ဘေးလွတ်ရာတွင် စုပေါင်းနေထိုင်နေကြောင်းသိရသည်။

ခေါင်းခွဲကျေးရွာ မီးရှို့ခံရပြီးနောက် အနီးဝန်းကျင်ရှိ ကျေးရွာ ၁၀ ရွာမှ ဒေသခံများလည်း ဘေးလွတ်ရာ ရှောင်တိမ်းနေရကြောင်း သိရသည်။

မြောင်မြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ဦးရေ ၂,၀၀၀ကျော်ရှိနေပြီး လတ်တလောတွင် စစ်ဘေးရှောင်များအတွက် အစားအသောက် များလိုအပ်လျက်ရှိကြောင်း Youths for Community (မြောင်လူငယ်ကွန်ရက်)က သိရသည်။

"စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအသောက်များ လိုအပ်နေပါတယ်။

ထောက်ပံ့ကူညီကြဖို့ တိုက်တွန်းပါတယ် "​ဟု မြောင်လူငယ်ကွန်ရက် တာဝန်ရှိသူကပြောသည်။

ယနေ့နံနက်ပိုင်းတွင် ခေါင်းခွဲရွာကို အကြမ်းဖက် မီးရှို့ခဲ့သည့် စစ်တပ်သည် နနွင်းကိုင်းရွာသို့ ရောက်ရှိနေသည့် တပ်ဖြင့်ပူးပေါင်းပြီး ရေလယ်ကျွန်းရွာသို့ အင်အား အလုံးအရင်းဖြင့်ထွက်ခွာသွားကြောင်းသိရသည်။

ရုပ်သံ - Youths for Community(မြောင်လူငယ်ကွန်ရက်)

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly