ထိုင်းနိုင်ငံတဝန်း စီးနင်းရှာဖွေမှုအတွင်း တရားမဝင်သေနတ် ၂,၀၀၀ ကျော် သိမ်းဆည်းရမိပြီး သံသယရှိသူ ၁,၅၀၀ ကျော် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတဝန်း စီးနင်းရှာဖွေမှုအတွင်း တရားမဝင်သေနတ် ၂,၀၀၀ ကျော် သိမ်းဆည်းရမိပြီး သံသယရှိသူ ၁,၅၀၀ ကျော် ဖမ်းဆီးခံရ
တရားမဝင်သေနတ် ၂၀၀၀ ကျော်ကို ဘန်ကောက်မြို့ တော်ဝင် ထိုင်းရဲဌာနချုပ်၌ ကြာသပတေးနေ့က ပြသခဲ့စဉ်

ထိုင်းနိုင်ငံတွင် လူသေဆုံးသည့် ဘန်ကောက် ရှော့ပင်းမောလ် ပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပြီးနောက် နိုင်ငံတဝန်း သုံးရက်တာ ဖြိုခွင်းနှိမ်နင်းမှုတရပ် လုပ်ဆောင်ခဲ့ရာ ထိုင်းရဲများက တရားမဝင် သေနတ်အလက် ၂,၀၀၀ ကျော်နှင့် ကျည်ဆန် ၇၅,၀၀၀ ကို တွေ့ရှိသိမ်းဆည်းရမိပြီး သံသယရှိသူ ၁,၅၉၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတပုဒ်တွင် ဖော်ပြသည်။

ထိုင်းရဲများသည် အောက်တိုဘာ ၉ ရက်နှင့် ၁၁ ရက်အကြား နိုင်ငံတဝန်း နေရာ ၃,၂၂၄ ခုကို စီးနင်းရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသားရဲတပ်ဖွဲ့ ရဲချုပ် ထော်ဆက်ခ် ဆုခ်ဗီမောလ်က အောက်တိုဘာ ၁၂ ရက်တွင် ပြောသည်။

အဆိုပါ တရားမဝင် သေနတ်များ နှိမ်နင်းအရေးယူမှု စစ်ဆင်ရေးသည် အောက်တိုဘာ ၃ ရက် ဆီယမ် ပါရာဂွန် ရှော့ပင်းမောလ် ပစ်ခတ်မှုဖြစ်စဉ်အပေါ် တုံ့ပြန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ထိုင်းရဲချုပ်က ပြောသည်။

ဆီယမ် ပါရာဂွန် ပစ်ခတ်မှုဖြစ်စဉ်တွင် ဆယ်ကျော်သက် သေနတ်သမားတဦး၏ ပစ်ခတ်မှုကြောင့် မြန်မာလုပ်သား အမျိုးသမီးတဦး အပါအဝင် လူနှစ်ဦး သေဆုံးပြီး လူငါးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ဖြစ်စဉ်တွင် အသက် ၁၄ နှစ်ရှိ သေနတ်သမားသည် ဗလာကျည်ပစ် သေနတ်ကို အွန်လိုင်းမှ ဝယ်ယူခဲ့ပြီး ယင်းနောက် ကျည်အစစ်ထည့် ပစ်ခတ်ရန် ပြုပြင်မွမ်းမံခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

ထို ပစ်ခတ်မှုဖြစ်စဉ်ဖြစ်ပြီးနောက် နိုင်ငံတဝန်း တရားမဝင် သေနတ် အမျိုးအစား အားလုံးကို ဖြိုခွင်းနှိမ်နင်းရေး ဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက ညွှန်ကြားခဲ့ကြောင်း ထိုင်းရဲချုပ်က ပြောသည်။

ယင်းနောက်ပိုင်းတွင် သေနတ် ထိန်းချုပ်မှု တင်းကျပ်မည့် ရေတို အစီအမံ ခုနစ်ခုအနက် တခုအဖြစ် သေနတ်များ တင်သွင်းခြင်းနှင့် ရောင်းဝယ်ခြင်းအတွက် ပါမစ် ထုတ်ပေးမှုကို ပြည်ထဲရေးဝန်ကြီး အနုတင် ချန်ဗီရာကူလ်က ရပ်ဆိုင်းခဲ့သည်။ ရေရှည်တွင် အာဏာပိုင်တို့အနေဖြင့် လွယ်ပေါက် (ကယ်ပေါက်) များကို ပိတ်ရန် နိုင်ငံ၏ ၇၆ နှစ်ကြာ လက်နက် ဥပဒေကို ပြင်ဆင်ရန် လေ့လာကြည့်ရှုသွားမည် ဖြစ်သည်။

ထိုင်းတွင် သေနတ်တလက် တရားမဝင် ပိုင်ဆိုင်ခြင်းက ထောင်ဒဏ် အများဆုံး ၁၀ နှစ်နှင့် ဒဏ်ငွေ ဘတ် ၂၀,၀၀၀ အထိ ချမှတ်ခံရနိုင်သည် ဆိုသော်လည်း ယင်းနိုင်ငံတွင် သေနတ်ပိုင်ဆိုင်မှုက အရှေ့တောင်အာရှရှိ အခြားသော နိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြင့်မားနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly