ဒေးစွန်ပါသာသနာ့နယ်မြေအား KNU ၊ PDF များဖျက်ဆီးဟု စစ်ကောင်စီထောက်ခံသူများ သတင်းမှားဖြန့်

By JC(မဇ္ဈိမ)
12 October 2023
ဒေးစွန်ပါသာသနာ့နယ်မြေအား KNU ၊ PDF များဖျက်ဆီးဟု စစ်ကောင်စီထောက်ခံသူများ သတင်းမှားဖြန့်

ပဲခူးမြို့နယ်၊ ၀မ်းဘဲအင်းကျေးရွာ၊ ဒေးစွန်ပါသာသနာ့နယ်မြေအတွင်းရှိ ဘုရားစေတီနှင့် သာသနိကအဆောက်အဦးများအား KNU ၊ PDF များမှ ဖျက်ဆီးခဲ့ကြောင်း စစ်ကောင်စီထောက်ခံသူများ ဖြန့်ဝေနေကြသည်။ ယင်းမှာ မှားယွင်းနေသည်။

စစ်ကောင်စီထောက်ခံသူ “Sandi Myint Aung” တယ်လီဂရမ်ချန်နယ်တွင် အောက်တိုဘာလ ၅ ရက်နေ့ က “ခွက်ခေါက်ဖို့ လုပ်ကွက်ပြစရာ သာသနာတော်ကလွဲပြီး မရှိကြတော့လို့လားကွာ” ဟုဆိုကာ ဒေးစွန်ပါ ဘုရားစေတီနှင့် အဆောက်အဦးများအား KNU နှင့် PDF များမှ ဖျက်ဆီးသွားခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းအကြောင်းအရာကို စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များဖြစ်သည့် မှိုင်းဝေ၊ တပ် ကြပ်ကြီးဖိုးစည်၊ Ko Thet စသည့်ချန်နယ်များအပါအဝင် အခြားတယ်လီဂရမ်ချန်နယ် ၁၆ ခုမှ ပြန်လည် ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၇၀,၀၀၀ ကျော်ရှိသည်။

ဖေ့စ်ဘုတ်တွင်လည်း “ပြောလို့တောင်မဆုံးသေးဘူး KNU+PDF အကြမ်းဖက်သမားတွေ ဖျက်ဆီးသွားပြန် ပြီ” ဟုဆိုကာ ဒေးစွန်ပါဘုရားအား KNU နှင့် PDF များမှ ဖျက်ဆီးသွားကြောင်း စစ်ကောင်စီထောက်ခံသူ များမှ ဖြန့်ဝေထားကြသည်။

ထို့ပြင် အောက်တိုဘာလ ဒုတိယအပတ်မှစ၍ ပဲခူးမြို့ရေကြီးရခြင်းသည် ဒေးစွန်ပါဘုရား ဖျက်ဆီးခံရခြင်း နှင့်ဆက်စပ်နေကြောင်း ဖြန့်ဝေမှုများလည်း ရှိသည်။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများက ထိုအကြောင်းအရာအားစိစစ်ပြီး ဒေသခံများအား မေးမြန်ခဲ့ရာ ဖြစ်စဉ်အမှန်နှင့် လွဲမှားနေကြောင်း တွေ့ရသည်။

ခလရ(၉၀)မှ ဗိုလ်ကြီးသန့်ဇင်ဦးဆိုသူက ဒေးစွန်ပါဘုရားအတွင်း PDF များ ခိုအောင်းနေနိုင်သည်ဟု သတင်းလွှင့်ကာ ဘုရားအဆောက်အဦးများကိုဖျက်ဆီးပြီး ရရှိသည့် စတီးချောင်းများ၊ သံချောင်းများ၊ သွပ် မိုးနှင့် အုတ်များအား ပြန်လည်ရောင်းချနေကြောင်း Ayeyarwaddy Times သတင်းဌာနမှ အောက်တိုဘာ လ ၄ ရက်နေ့တွင် သတင်းဖော်ပြထားသည်။
လင့် https://tinyurl.com/3562nmfw

အလားတူ မြေလတ်အသံသတင်းဌာနတွင်လည်း ဗိုလ်ကြီးသန့်ဇင်ဦး ခေါင်းဆောင်သောအဖွဲ့သည် ဒေးစွန် ပါဘုရားစေတီနှင့် အဆောက်အဦးများအားဖျက်ဆီးကာ ကျောင်းအတွင်း သီတင်းသုံးနေသည့် ဆရာတော် များကိုလည်း နှင်ထုတ်ခဲ့ကြောင်း အောက်တိုဘာလ ၅ ရက်နေ့တွင် သတင်းဖော်ပြထားသည်။
လင့် https://tinyurl.com/yft3xn2f

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူမှ ဒေသခံတဦးအား မေးမြန်းခဲ့ရာတွင်လည်း ဒေးစွန်ပါဘုရားနှင့် အဆောက်အဦးကိုဖျက်ဆီးသူများမှာ KNU၊ PDF များမဟုတ်ဘဲ စစ်ကောင်စီ၏ ခလရ(၉၀)မှ ဗိုလ်ကြီး သန့်ဇင်ဦးနှင့်အဖွဲ့က ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်မှစတင်ကာ ဒေးစွန်ပါဘုရားအတွင်းရှိ အဆောက်အဦးများကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုပြောသည်။

“စစ်ကောင်စီတပ်က ဖျက်တာ။ လွန်ခဲ့တဲ့ ရက် ၂၀ လောက်က ဖျက်တာ။ သူတို့လူယုံတော်နဲ့ ဗိုလ်ကြီး သန့်ဇင်ဦးတို့ ပေါင်းပြီးလုပ်တာ။ ပစ္စည်းတွေဘာတွေ ယူတာတောင်မှ လာယူခိုင်းတဲ့ရက်အတွင်းယူရတာ” ဟု ဒေသခံတဦးကမဇ္ဈိမကို ပြောသည်။

ထို့ကြောင့် ပဲခူး ဒေးစွန်ပါသာသနာ့နယ်မြေအတွင်းရှိ ဘုရားစေတီနှင့် သာသနိကအဆောက်အဦးများအား ဖျက်ဆီးသူများမှာ KNU ၊ PDF များမဟုတ်ဘဲ စစ်ကောင်စီ၏ ခလရ(၉၀)မှ ဗိုလ်ကြီးသန့်ဇင်ဦးနှင့်အဖွဲ့မှ ဖျက်ဆီးခြင်းဖြစ်ပြီး ဖြစ်စဉ်အမှန်ကိုအခြေခံကာ အကြောင်းအရာကိုပြန်ပြောင်းဖြန့်ဝေထားသည့် သတင်း အမှားသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly