ရွှေဘိုတွင် ပြည်သူ့စစ်နှင့်ပျူစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်

By MTO (မဇ္စျိမ)
05 October 2023
ရွှေဘိုတွင် ပြည်သူ့စစ်နှင့်ပျူစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်
ရွှေဘိုမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့(ပုံဟောင်း) -Photo/SBFA

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ် သီလုံးကျေးရွာမှ ဒေသခံပြည်သူများအား ငွေကြေး အတင်းအကျပ်တောင်းယူပြီး အကြမ်းဖက်ဖိနှိပ်နေသည့် ပြည်သူ့စစ်နှင့်ပျူစောထီးများအခြေစိုက်စခန်းကို  ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Shwebo Federal Army -SBFA  အဖွဲ့ မှ သတင်းထုတ်ပြန်သည်။

ပြည်သူ့စစ်နှင့်ပျူစောထီးခေါင်းဆောင် ဇော်ဦးဆိုသူ ဦးဆောင်သည့် စခန်းကိုယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့ ည ၉ နာရီ ၃၀မိနစ်ခန့်တွင် လက်လုပ်လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခြင်းဟု  SBFA ၏ ပြန်ကြားရေးတာဝန်ခံ ကိုပိန် က ပြောသည်။

သီးကုန်းကျေးရွာ၌ စစ်‌ကောင်စီနှင့် ပြည်သူ့စစ်၊ပျုစောထီး ပူးပေါင်းအင်အား ၃၀ခန့်ရှိပြီး ပြည်သူများကို အဓမ္မ ကင်းစောင့်ခိုင်းခြင်း၊ ကင်းမစောင့်နိုင်ပါက ဒဏ်ငွေ ပေးဆောင်ခိုင်းခြင်းများ ပြုလုပ်နေကြောင်း ၎င်းက ပြောသည်။

ကိုပိန်က “သူတို့က ကင်းတောင်မစောင့်ရဲကြတော့ဘူး ။ PDF တွေနဲ့ အစွန်အဖျားနေရာတွေမှာ ပြည်သူ တွေကို ကင်းစောင့်ခိုင်းတယ်။  ယောက်ျားသား မရှိလို့ ကင်းမစောင့်နိုင်တဲ့ အိမ်တွေကို တအိမ်ကို ငါး သောင်းဆိုပြီး ကောက်ခံတာတွေရှိတယ်” ဟု ဆိုသည်။

ရွှေဘိုမြို့နယ်အတွင်းရှိ ပျူစောထီးကျေးရွာများသည် ယခင်က  ပြည်သူများအပေါ် ဖိနှိပ် မှုများ ပြုလုပ်ခဲ့သော်လည်း ယခုအခါ  ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပျူရွာများကို ဝိုင်းဝန်းဖိအားပေးထားနိုင်ပြီဟု ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

ယမန်‌နေ့က တိုက်ခိုက်မှုတွင်  ပြည်သူ့စစ်နှင့်ပျူစောထီးများဘက်မှ ထိခိုက်မှုကိုမသိရှိရသေးပေ။ ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော  ဗိုလ်မိကျောင်း ပြည်သူလုံခြုံရေးအဖွဲ့၊ Shwebo Federal Army SBFA  ၊ဒေါင်းမာန် ၊ ရွှေဘိုစွန်ရဲ ၊ မဟူရာ ရွှေဘိုသား ၊EYE Fore EYE ၊ HG Fighter ၊ဗိုလ်မဟာ ၊ ဒေါင်းစစ်သည်၊ AhPal -7 ၊ MDF shwebo ၊ရွှေဘိုအားမာန်နှင့်ဗိုလ်လင်းရောင် (ဒပယ) တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required