သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံချီတက်သည့် ရွာပေါင်းစုံသပိတ်

By ပါခွီး (မဇ္စျိမ)
03 October 2023
သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံချီတက်သည့် ရွာပေါင်းစုံသပိတ်
ယနေ့ အောက်တိုဘာလ ၃ရက် ချီတက်ဆန္ဒပြခဲ့သော ရွာပေါင်းစုံသပိတ် (ဓါတ်ပုံ/ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် သံအမတ်ကြီးဦးကျော်မိုးထွန်းအား ထောက်ခံသည့်ချီတက်ပွဲကို ယနေ့ အောက်တိုဘာ ၃ရက်တွင် ပြုလုပ်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “Our Ambassador – Our Voice” “ငါတို့သံအမတ် ငါတို့အသံ” စာတန်းနှင့် ဦးကျော်မိုးထွန်း၏ ပုံတူဆွဲထားသည့် စာရွက်များကို ကိုင်ဆောင်ပြီး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြသည်။  

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီးတွင် မြန်မာပြည်သူလူထုကို ကိုယ်စားပြုသော သံအမတ်ကြီး ဦးကျော်မိုးထွန်းရှိနေခြင်းသည် နွေဦးတော်လှန်ရေး၏ ထူးခြားကောင်းမွန်သော အားသာချက်ဖြစ်သည်ဟု ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီက သတင်းထုတ်ပြန်သည်။ထို့အပြင် ဦးကျော်မိုးထွန်းသည်  ကမ္ဘာကြီးနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာပြည်တွင်း အခြေအနေများကိုသိရှိနားလည်နိုင်ရန်  ကုလစင်မြင့်ထက်တွင် တရားဝင်ပြောဆိုနိုင်သူဖြစ်သည်ဟုဆိုသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ရင်း  ကျဆုံးသွားသော အာဇာနည်များကို အလေးပြုခဲ့ကြပြီး ကြွေးကြော်သံများဖြင့် အဆုံးသတ်ခဲ့ကြသည်။

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် (၉၂၄) ရက်မြောက်ဖြစ်ကြောင်းသိရသည်။ ဒေသတွင်း၌ စစ်ကောင်စီစစ်ကြောင်းအချို့ရှိနေသည့်ကြားမှ လူထုသပိတ်ကို ချီတက်ခဲ့ကြခြင်းဖြစ်သည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required