CDF – Mindat ကို သေနတ် ၄၀ နှင့် ခဲယမ်းများထောက်ပံ့

By ပါခွီး (မဇ္စျိမ)
03 October 2023
 CDF – Mindat ကို သေနတ် ၄၀ နှင့် ခဲယမ်းများထောက်ပံ့
ပုံအညွှန်း - အခမ်းအနားဖြင့် လက်နက်များ ပေးအပ်နေစဥ် (ဓါတ်ပုံ  - International Mindat K'Cho Organization)

ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat တပ်ဖွဲ့သို့ အလှူရှင်သုံးဖွဲ့ပူးပေါင်းပြီး သေနတ် ၄၀ လက်အပါအဝင် ကျည်ဆန် ၊ ကျည်ဘောက်များ လှူဒါန်းခဲ့ကြောင်း International Mindat K'Cho Organization (IMCO) အဖွဲ့ က အောက်တိုဘာ ၂ရက်နေ့တွင် ထုတ်ပြန်သည်။

အလှူရှင် သုံးဖွဲ့ဖြစ်သော International Mindat K'Cho Organization (IMCO)၊ Heal the world နှင့် CEA(Norway) တို့မှပူးပေါင်းဝယ်ယူခဲ့သော AK47 သေနတ် ၄၀လက် ၊ ကျည် ၁၂,၀၀၀ တောင့် နှင့် ကျည်အိမ် ၁၂၀ တို့ကို CDF – Mindat ထံသို့ စက်တင်ဘာလ ၂၈ရက်နေ့တွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

မင်းတပ် အတွက် AK – 47 သေနတ် ၅၀ လက် ၊ကျည် ၁၅,၀၀၀ ၊ ကျည်အိမ် ၁၅၀ ဝယ်ယူတပ်ဆင်ပေးမည့် ပရောဂျက် ကို ၂၀၂၂ ခုနှစ် ဇွန်လတွင် စတင်ခဲ့ပြီး ယင်းအတွက် အမေရိကန်ဒေါ်လာ ၁၈၅,၀၀၀ (တစ်သိန်းရှစ်သောင်းငါးထောင်) ကုန်ကျစရိတ်အတွက် ရန်ပုံငွေများရှာဖွေခဲ့ကြောင်း သိရသည်။

ယင်းပရောဂျက်အတွက် ကံစမ်းမဲထီလက်မှတ်ရောင်းချခြင်းဖြင့် ဒေါ်လာ ၇၀,၀၇၂ ဒသမ ၇၁ ရရှိခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များ၏ အရေးပေါ် စားနပ်ရိက္ခာ လိုအပ်ချက်အရ ဖြည့်ဆည်းခဲ့ရသဖြင့် ၅၈,၇၄၉ ဒသမ ၄၀ ကို အသုံးပြုခဲ့ပြီး လိုအပ်သောငွေများမှာ IMCO အဖွဲ့ဝင်များထံမှ လစဥ်ကြေးကောက်ခံခြင်း ၊ ဒေါက်တာအငြိမ်း ဦးဆောင်သော Heal the World နှင့် CEA (Norway) တို့မှ ဒေါ်လာ ၃၅,၀၀၀ အားဖြည့်ကူညီပါဝင်ခဲ့ကြောင်း သိရသည်။

ပရောဂျက်လက်ကျန် AK-47 သေနတ် ၁၀ လက်၊ ကျည် ၃,၀၀၀ တောင့်၊ကျည်အိမ် ၃၀ ခုကိုလည်း မကြာမီ ထပ်မံရရှိမည်ဖြစ်ကြောင်း သိရသည်။

“အားဖြည့်ပေးတဲ့ နိုင်ငံခြားရောက်ချင်းလူမျိုးတွေအပေါ် ကျေးဇူးတင်ကြောင်းနဲ့ တာဝန်ကျေကြောင်းပြောချင်ပါတယ်။ တော်လှန်ရေးက လက်နက်ကိုင်မှ တော်လှန်ရေး လုပ်နေတာမဟုတ်ပါဘူး ၊ ကျရာကဏ္ဍကပေးဆပ်နေကြရတာ ၊ တတ်နိုင်တဲ့ဖက်က ဝိုင်းဝန်းလုပ်ဆောင်ကြမယ်ဆိုရင် ကျနော်တို့ချင်းတွေ ဘာမဆို လုပ်နိုင်ပါတယ်” ဟု CDF – Mindat စစ်ဒေသမှူး ဆလိုင်နိုင်တမ်း က မဇ္စျိမ ကို ပြောသည်။

အခု အသစ်ရောက်လာတာတင်မကဘဲ မကြာသေးမီကလည်း CDF – Mindat ဗဟိုမှ လက်နက်ခဲယမ်းဖြည့်တင်းထားပြီး အသစ်တဖန်ပြင်ဆင်မွမ်းမံထားတဲ့ သင်တန်းဆင်း ရဲဘော်များလည်း စိတ်ဓာတ်တက်ကြွနေကြောင်းဆိုသည်။

မင်းတပ်မြို့အတွင်း စစ်ကောင်စီတပ်သား အင်အား ၄၀၀ခန့်နှင့် စစ်ကြောင်းထိုးလာသည်များရှိလာသော်လည်း ၎င်းတို့တွင် ကျည်အလုံလောက်ရှိပါက ချင်းကာကွယ်ရေးတပ်ဖွဲ့ကိုကျော်ပြီး ချင်းပြည်သူတွေဆီကို ရောက်ရန်မဖြစ်နိုင်ကြောင်း ဆလိုင်းနိုင်တမ်းက ဆက်ပြောသည်။ 

အဆိုပါပရောဂျက်ဖြစ်မြောက်ရေးအတွက် ကံစမ်းမဲ ထီလက်မှတ်ဝယ်ယူအားပေးခဲ့ကြသော ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံသားများ ၊ ဒေါက်တာအငြိမ်းဦးဆောင်သော Heal the World အဖွဲ့သားများ ၊ CEA (Norway) အဖွဲ့သားများ ၊ လက်နက်များဝယ် ယူရာတွင် အကူအညီပေးခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တာဝန်ခံပုဂ္ဂိုလ်များကို ကျေးဇူးတင်ရှိ ကြောင်း IMCO ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအပြင် လက်နက်များကို ဘေးကင်းလုံခြုံစွာ သယ်ယူခဲ့သည့် CDF – Mindat ရဲဘော်များ ၊ IMCOမြောက်အမေရိက ၊ ဩစတြေးလျပြည်နယ်များနှင့် နိုင်ငံအလိုက် အီးစီလူကြီးများ ၊ လစဥ်ကြေးထည့်ဝင်ကြသော အသင်းသားများနှင့် လက်နက်များကို K’Cho ချင်းရိုးရာထုံးစံဓလေ့နှင့်အညီ အပ်နှံခဲ့သည့် ပွဲအတွက် လိုအပ်သော နွားနောက် သုံးကောင်ကို လှူဒါန်းခဲ့ကြသည့် IMCO ဩစတြေလျ ၊ IMCO (ဦးအွမ်ဖေ - အမေရိကန်၊ IMCO ဥရောပတို့မှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

ချင်းပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးတူမီး သေနတ်ကိုင်ပြီး တော်လှန်ခဲ့သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၏ ပထမဆုံးတိုက်ပွဲကို ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက် ည ၉ နာရီဝန်းကျင်တွင် ကန်ပက်လမ်းခွဲ၊ စံပြမြို့မ ထမင်းဆိုင်နား၊ ထွေအုပ်ရုံး၊ မီးသတ်ကုန်း၊ မောင်းတံဂိတ် စသည်ဖြင့် တမြို့လုံးအနှံ့ စစ်ကောင်စီတပ်ဖွဲ့များကို တူမီးသေနတ်ဖြင့် တွေ့သည့်နေရာမှပစ်ခဲ့ရာက စတင်ခဲ့ပြီး အဆိုပါပစ်ခတ်မှုတွင် ရဲတဦး၊ စကစတပ်သား တဦး စုစုပေါင်း နှစ်ဦး သေဆုံးပြီး ဒဏ်ရာရသူ ငါးယောက်ဝန်းကျင်ရှိကြောင်း သိရသည်။

၂၀၂၁ခုနှစ် မေလ ၁၄ ရက်နေ့တွင်လည်း မောင်းပြန် ခြောက်လက်နှင့် တူးမီးအများစုပါဝင်ခဲ့သော မင်းတပ်ကာကွယ်ရေး အဖွဲ့သည် စစ်ကောင်စီတပ်သား ၁၀၀ကျော်ပါသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး ယာဥ် ခုနစ်စီးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများသည် CDF-မင်းတပ်အဖွဲ့၏ တူမီးတော်လှန်ရေးအစလည်း ဖြစ်ပြီးယခုအခါ လက်နက်ခိုင်မာတောင့်တင်းသော ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တခုအဖြစ် ရှိနေပြီလည်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly