စစ်ကောင်စီကို လက်နက်ရောင်းခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံပိုင်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ ၃ ခု တိုင်တန်းခံရ

By Spring
03 October 2023
စစ်ကောင်စီကို လက်နက်ရောင်းခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံပိုင်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ ၃ ခု တိုင်တန်းခံရ

အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ ၃ ခုဟာ မြန်မာစစ်တပ်အတွက် လက်နက် ရောင်းချတာတွေ ရှိခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးပေးဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားကုမ္ပဏီတွေ ဖြစ်ကြတဲ့ PT Pindad၊ PT PAL နဲ့ PT Dirgantara Indonesia တို့ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ရောင်းချမှုတွေ ရှိခဲ့တဲ့အတွက် အင်ဒိုနီးရှား လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြားလိုက်ကြောင်း မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့တွေက သတင်းထုတ်ပြန်ခဲ့တာပါ။

အဲ့ဒီကုမ္ပဏီသုံးခုကနေ အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီကို ပစ္စတိုသေနတ်၊ ရိုင်ဖယ် ခဲယမ်းမီးကျောက်တွေ၊ တိုက်ခိုက်ရေးသုံးယာဉ်တွေကို အရောင်းမြှင့်တင်ခဲ့တယ်လို့ မြန်မာ့အရေးလှုပ်ရှားသူတွေရဲ့ မနေ့ထုတ်တဲ့ ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။

စစ်လက်နက်ထုတ်လုပ်သူတွေဟာ အင်ဒိုနီးရှားနိုင်ငံ ဥပဒေနဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ကာ မြန်မာနိုင်ငံကို စစ်လက်နက် ပစ္စည်းတွေ ရောင်းချနေတယ်လို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO၊ မြန်မာနိုင်ငံ တာဝန်ခံမှု စီမံချက် (MAP)နဲ့ အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း မာဇူကီ ဒါရူစမန်တို့က Justice for Myanmar ရဲ့ သုတေသနကို အခြေခံကာ အင်ဒိုနီးရှား လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားစာတစ်စောင် ပေးပို့ခဲ့ကြတာဖြစ်ပါတယ်။

ပေါက်ကြားလာတဲ့ အချက်အလက်တွေအရ ဦးထူးထူးရှိန်ဦးပိုင်ဆိုင်တဲ့ မြန်မာကုမ္ပဏီ True North Company Limited ကနေ ကြားပွဲစားလုပ်ပြီး အဲဒီအင်ဒိုနီးရှားကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ကို လက်နက်ရောင်းနေတာလို့ ဆိုထားပါတယ်။

အင်ဒိုနီးရှား ကုမ္ပဏီတွေနဲ့ မြန်မာစစ်တပ်ကြားခံပွဲစားလုပ်နေတယ်ဆိုတဲ့ True North ကုမ္ပဏီပိုင်ရှင် ဦးထူးထူးရှိန်ဦးဟာ အမေရိကန်၊ ကနေဒါ၊ ဥရောပသမဂ္ဂတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့တာခံထားရတဲ့ စစ်ကောင်စီဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်ရဲ့ သားဖြစ်တယ်လို့လည်း ဆိုပါတယ်။

အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း မာဇူကီ ဒါရူစမန်ကတော့ ဒီကုမ္ပဏီ ၃ ခုလုံးဟာ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေ ဖြစ်တဲ့အတွက် အင်ဒိုနီးရှား အစိုးရရဲ့ တိုက်ရိုက်ထိန်းချုပ်မှု အောက်မှာ ရှိနေပြီး၊ အစိုးရရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ခွင့်ပြုချက်တွေကို ရယူရကြောင်း ပြောပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်တဲ့ စစ်ဆင်ရေးနဲ့ ၂၀၂၁ စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်းမှာ ကာကွယ်ရေး ပစ္စည်းတွေကိုရောင်းချဖို့ အရောင်းမြှင့်တင်ခဲ့တာနဲ့ ရောင်းချခဲ့တာတွေကို သံသယဖြစ်ဖွယ် တွေ့ရတာဟာ အင်ဒိုနီးရှား အစိုးရအနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေနဲ့ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွေကို လိုက်နာဖို့ ဆန္ဒရှိရဲ့လား ဆိုတဲ့ အပေါ် သံသယရှိကြောင်းနဲ့ အင်ဒိုနီးရှား လူ့အခွင့်အရေး ကောင်မရှင်အနေနဲ့ ဒါကို စုံစမ်းစစ်ဆေးဖို့ လုပ်ပိုင်ခွင့်ရှိပြီး၊ လုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တချို့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချချိန်မှာ အင်ဒိုနီးရှားနိုင်ငံဟာ လူ့အခွင့်အရေး ကောင်စီမှာ အဖွဲ့ဝင်နိုင်ငံဖြစ်နေခဲ့ပြီး ဖြစ်သလို၊ မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ စီးဆင်းမှုကို ကာကွယ်ဖို့အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးအပေါ် အထွေထွေ ညီလာခံမှာ ဆုံးဖြတ်ထားတာကို ထောက်ခံမဲပေးခဲ့တဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံလေးနိုင်ငံထဲက တနိုင်ငံလည်း ဖြစ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

#politicalnews
#mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly