ရုရှား-မြန်မာ ဦီးဆောင်တဲ့ အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်မှု ရုရှားအရှေ့ခြမ်းမှာပြုလုပ်

By Spring
03 October 2023
ရုရှား-မြန်မာ ဦီးဆောင်တဲ့ အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်မှု ရုရှားအရှေ့ခြမ်းမှာပြုလုပ်

ရုရှား-မြန်မာ ဦီးဆောင်တဲ့ အာဆီယံအပေါင်းအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့ရဲ့ မြေပြင်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရုရှားနိုင်ငံ၊ Vladivostok မြို့မှာ စက်တင်ဘာ ၂၆ ရက်ကနေ ၂၉ ရက်အထိကျင်းပခဲ့တယ်လို့သိရပါတယ်။

ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှားအပါအဝင် ဒေသတွင်းနိုင်ငံတချို့ တက်ရောက်ခဲ့ကြပါတယ်။

ရုရှားနိုင်ငံပိုင်သတင်းတွေရဲ့ ဖော်ပြချက်အရဆိုရင် ဘရူနိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မလေးရှား၊ ရုရှား၊ ထိုင်း၊ ဗီယက်နာမ်၊ ဖိလစ်ပိုင်နဲ့ မြန်မာစစ်တပ်တို့က ဒီ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တယ်လို့ Justice Myanmar က ဖော်ပြပါတယ်။ 

ဒါပေမယ့် သူတို့ လေ့လာချက်အရဆိုရင် ရုရှား၊ မြန်မာစစ်တပ်၊ တရုတ်၊ အိန္ဒိယနဲ့ လာအိုနိုင်ငံတို့ကတပ်ဖွဲ့တွေ အဓိက ပါဝင်တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားအနေနဲ့ ဖွင့်ပွဲနဲ့ နောက်ဆုံးရက် နှစ်ရက်ကိုပဲ တက်ရောက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။

Justice for Myanmar ရဲ့ ထုတ်ပြန်ချက်တရပ်မှာတော့ မြန်မာစစ်ကောင်စီတပ်တွေနဲ့အတူ ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့တဲ့ နိုင်ငံတွေကို ဝေဖန်ရှုတ်ချထားပါတယ်။ 

မြန်မာစစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးတက်ရောက်ခဲ့တယ်လို့သိရပါတယ်။

နိုင်ငံတကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၂၅ ကနေ ၃၀ ရက်နေ့ထိ ရုရှားနိုင်ငံ ပရီမော့စကီး (Primorsky) ဒေသမှာ ပြုလုပ်နေပြီး 
အဲဒီပူးတွဲစစ်ရေး လေ့ကျင့်မှုမှာ အာဆီယံနိုင်ငံတွေနဲ့ ဆွေးနွေးဖက်နိုင်ငံတွေက အထူးကျွမ်းကျင်စစ်သား ခုနစ်ရာနဲ့အတူ တိုက်ခိုက်ရေး လေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေ၊ မောင်းသူမပါတဲ့ လေကြောင်းတိုက်ခိုက်ရေးယာဉ်တွေ၊ တင့်ကားတွေနဲ့ သံချပ်ကာ ကားတွေလည်း ပါဝင်ပါတယ်။

ဒီလေ့ကျင့်မှုကို ADMM လို့‌ခေါ်တဲ့ “အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့” နဲ့လည်း နှစ်စဉ် ပူးတွဲကျင်းပလေ့ ရှိပါတယ်။ 

အာဆီယံ ၁၀ နိုင်ငံအပြင် အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဩစတေးလျ၊ တောင်ကိုးရီးယား၊ ဂျပန်နဲ့ နယူးဇီလန်နိုင်ငံက စစ်သည်တွေလည်း ပူးပေါင်းပါဝင်လေ့ ရှိပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့အတွက် တရုတ်နဲ့ အိန္ဒိယကလွဲရင် အမေရိကန်၊ ဩစတေးလျ၊ တောင်ကိုးရီးယား၊ ဂျပန်နဲ့ နယူးဇီလန်တို့က မနှစ်ကရော ဒီနှစ်မှာပါ ဒီလေ့ကျင့်မှုကို မတက်ရောက်ဘဲ သပိတ်မှောက်ထားပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုမှာ အင်ဒိုနီးရှားနဲ့ မလေးရှားအပါအဝင် အာဆီယံနိုင်ငံအားလုံး ပါဝင်ဆင်နွှဲနေတာဟာ အာဆီယံပဋိညာဉ်ကို ချိုးဖောက်တာလို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြားထားပါတယ်။

စစ်ကောင်စီကို အာဆီယံရဲ့ ဘယ်လိုအစီအစဉ်မျိုးမှာမှ တက်ရောက်ခွင့်မပေးဘဲ ပြတ်ပြတ်သားသား ဆန့်ကျင်သင့်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ အာဆီယံရဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး စာတွေ့ စစ်ရေးလေ့ကျင့်မှု Table Top Exercise ကို ပြီးခဲ့တဲ့လက နေပြည်တော်မှာ ပြုလုပ်ခဲ့ပြီး၊ ဒီစာတွေ့လေ့ကျင့်မှုတွေဟာ တရားမဝင် အကြမ်းဖက် အဖွဲ့တွေအဖြစ် ကြေညာထားတဲ့ NUG နဲ့ PDF တွေအပေါ် စစ်ဆင်ရေးအတွက် အထောက်အပံ့ ဖြစ်စေကြောင်း စစ်ကောင်စီပိုင် သတင်းစာတွေကနေ ထုတ်ပြန်ပြောဆိုထားပါတယ်။

Justice for Myanmar အဖွဲ့ကလည်း ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ မြန်မာပြည်သူတွေ အပေါ် တိုက်ခိုက်၊ သတ်ဖြတ်၊ အကြမ်းဖက်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရေး စွမ်းရည်တွေ ပိုကောင်းအောင် လုပ်ပေးနေတာကြောင့် ကန့်ကွက်ရှုတ်ချကြောင်း ဩဂုတ်လကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်။

#politicalnews
#mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly