စွမ်းအင်ပညာရှင်ကို ဖမ်းဆီးထားကြောင်း ဗီယက်နမ် အတည်ပြု

စွမ်းအင်ပညာရှင်ကို ဖမ်းဆီးထားကြောင်း ဗီယက်နမ် အတည်ပြု
ဗီယက်နမ်နိုင်ငံ Binh Thuan ပြည်နယ် တောင်ဘက်ရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ။ (ဖိုင်ဓာတ်ပုံ- AFP/Manan Vatsyayana)

လွတ်လပ်သော စွမ်းအင်မူဝါဒ think tank (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြံပေးအဖွဲ့) တခု၏ ဒါရိုက်တာဖြစ်သူအား ဖမ်းဆီးထိန်းသိမ်းမှုကို ဗီယက်နမ်အာဏာပိုင်တို့က အောက်တိုဘာ ၁ ရက်တွင် အတည်ပြုသည်။ ယင်းသည် ပြီးခဲ့သည့် နှစ်နှစ်အတွင်း အဆိုပါနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်အရေးကိစ္စများနှင့်ပတ်သက်ပြီး လုပ်ကိုင်သည့် ခြောက်ဦးမြောက် ကျွမ်းကျင်ပညာရှင်တဦး ဖမ်းဆီးထိန်းသိမ်းခံရခြင်းလည်း ဖြစ်သည်။

ဟနွိုင်းအခြေစိုက် Vietnam Initiative for Energy Transition (VIET) အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ငိုသီထိုဟီယန် ဖမ်းဆီးထိန်းသိမ်းခံရကြောင်း လူ့အခွင့်အရေးအဖွဲ့တခုက ပြီးခဲ့သည့်လက ပြောသည်။ သို့သော် ထိုစဉ်က အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဗီယက်နမ်အာဏာပိုင်တို့ဘက်က တရားဝင် အတည်ပြုမှု မရှိခဲ့ပေ။

စွမ်းအင်ပညာရှင် ဟီယန်သည် ကမ္ဘာ့ဘဏ်၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနှင့် အာရှဖွံ့ဖြိုးရေးဘဏ် အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများတွင် လုပ်ကိုင်ခဲ့သည့် သုတေသီတဦး ဖြစ်သည်။

“စာရွက်စာတမ်း အထောက်အထားများ မောင်ပိုင်စီးမှု” စွဲချက်များဖြင့် ဟီယန်ကို ဗီယက်နမ်ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၀ ရက်တွင် ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက အောက်တိုဘာ ၁ ရက်တွင် ဖော်ပြသည်။

နိုင်ငံ၏ ပြစ်မှုဆိုင်ရာ ဥပဒေအရ ငိုသီထိုဟီယန်အနေဖြင့် တရားစွဲခံရပါက အများဆုံး ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။

“ငိုသီထိုဟီယန် ဖမ်းဆီးခံရပြီးနောက်မှာ နိုင်ငံခြား မီဒီယာအေဂျင်စီတွေနဲ့ ပြည်ပရောက် ဖောက်ပြန်ရေးဝါဒီ အဖွဲ့အစည်းတွေက သတင်းတွေ ဖော်ပြခဲ့ကြပြီး ဗီယက်နမ်အစိုးရက သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးတယ်ဆိုပြီး လိုရာဆွဲ မမှန်မကန်ပြောကြတယ်” ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ ထိုအန်ရှိုက စက်တင်ဘာ ၃၀ ရက် သတင်းစာရှင်းလင်းပွဲတခုတွင် ပြောကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

“ဒါနဲ့ပတ်သက်လို့ အဲဒီလိုမျိုး လိုရာဆွဲ မမှန်မကန် ပြောတဲ့ စွပ်စွဲချက်တွေကို အများပြည်သူလုံခြုံရေးဝန်ကြီးဌာနအနေနဲ့ ပယ်ချပါတယ်။ အဲဒါတွေက ဗီယက်နမ်ရဲ့ ပြည်တွင်းရေးကို ဝင်စွက်တဲ့ လုပ်ရပ်လို့ သဘောထားတယ်” ဟု ၎င်းက ပြောသည်။

အခြားလူနှစ်ဦးဖြစ်သည့် လီ ဒက် အန်ဟ်နှင့် ဒေါင်ကော်ဗီယက်တို့လည်း အလားတူစွပ်စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ၎င်းက သည်။

ဟီယန်သည် ဗီယက်နမ်နိုင်ငံကို ရုပ်ကြွင်းလောင်စာများမှ ကူညီဖြတ်တောက်နိုင်စေရန် ဒေါ်လာ ၁၅ ဘီလီယံတန်ဖိုးရှိ ဂျီ၇ ငွေကြေးထောက်ပံ့သော ပရောဂျက်တခုဖြစ်သည့် Just Energy Transition Partnership (JETP) ဆိုင်ရာ အကောင်အထည်ဖော်မှု အစီအစဉ်နှင့်ပတ်သက်ပြီး လုပ်ကိုင်ခဲ့သူဖြစ်သည်။

ဟီယန် ဖမ်းဆီးခံရမှုကိစ္စ အတည်ပြုမှုမတိုင်မီ အဆိုပါ နိုင်ငံတွင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရာသီဥတုအရေး ဦးဆောင် တက်ကြွလှုပ်ရှားသူ ဟောင်သီမင်ဟုန် အခွန်ရှောင်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံရပြီး နိုင်ငံတကာ၏ ဝေဖန်မှုများကို ထွက်ပေါ်စေခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် ၂၀၅၀ တွင် အသားတင် ကာဘွန်ထုတ်လွှတ်မှု သုညအထိ လျှော့ချရေး လုပ်ဆောင်မည်ဟု ကတိပြုထားပြီး အဆိုပါ နိုင်ငံအတွက် ရုပ်ကြွင်းလောင်စာများ အသုံးပြုမှု ကူညီလျှော့ချဖြတ်တောက်ရန် ချမ်းသာသော နိုင်ငံများအဖွဲ့က ဒေါ်လာ ၁၅ ဒသမ ၅ ဘီလီယံထက်မနည်း မတည်ပေးမည်ဟု ယမန်နှစ်က ကတိပြုထားသည်။

သို့သော် ဗီယက်နမ်အစိုးရသည် တပါတီ အုပ်ချုပ်မှုစနစ်အပေါ် ဆန့်ကျင်အတိုက်အခံပြုမှုတို့ကို သည်းခံခြင်း မရှိဘဲ ဝေဖန်သူများအနေဖြင့် ခြိမ်းခြောက်ခံရခြင်း၊ နှောင့်ယှက်ဒုက္ခပေးခံရခြင်းနှင့် သွားလာလှုပ်ရှားမှု ကန့်သတ်ခံရခြင်းတို့နှင့် ရင်ဆိုင်ကြရသလို ဗီယက်နမ်အာဏာပိုင်တို့သည် သဘာဝပတ်ဝန်းကျင်အရေး အမြင်မတူကွဲလွဲသည့် အသံများကိုလည်း လိုလားသည်းခံမှု မရှိကြောင်း ပြသထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly