ရုပ်ရှင်ဇာတ်ဝင်ခန်းမှ ဓာတ်ပုံဖြင့် KIA ၊ PDF စခန်း ဗုံးကြဲခံရဟု သတင်းမှားဖြန့်

By JC ( မဇ္ဈိမ)
29 September 2023
ရုပ်ရှင်ဇာတ်ဝင်ခန်းမှ ဓာတ်ပုံဖြင့် KIA ၊ PDF စခန်း ဗုံးကြဲခံရဟု သတင်းမှားဖြန့်

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့၏စခန်း ဗုံး ကြဲခံရသဖြင့် အကျအဆုံးများသည်ဆိုသော သတင်းနှင့်ဓာတ်ပုံများ လူမှုကွန်ရက်တွင်ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ ရုပ်ရှင်ဇာတ်ကားတခု၏ ဇာတ်ဝင်ခန်းတခုပုံနှင့် အခြားဓာတ်ပုံများဖြစ်ပြီး အကြောင်းအရာ လည်း မှန်ကန်မှု မရှိပေ။ 

စက်တင်ဘာလ ၂၂ ရက်နေ့တွင် Truth Media တယ်လီဂရမ်ချန်နယ်မှ “KIA PDF အကြမ်းဖက်စခန်း  ပေါင် 500 ဗုံးသီးထိမှန် KIA PDF အကြမ်းဖက်များစွာ သေဆုံး” (မူရင်းအရေးအသားအတိုင်း) ဟုဆိုကာ တူညီသည့် ပုံနှစ်ပုံအပါအဝင် ဓါတ်ပုံလေးပုံဖြင့် ဖြန့်ဝေထားသည်။ ယင်းအကြောင်းအရာနှင့် ပုံများအား အခြား တယ်လီဂရမ်ချန်နယ် ၁၉ ခုတွင် ပြန်လည်ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၃၅,၀၀၀ ကျော် ရှိနေ ပြီဖြစ်သည်။

ထိုပုံများဖြင့် “ဝဠာထက်က စစ်ဖိုက်တာ” “မျိုးချစ်နတ်သမီး” စသည့် ဖေ့စ်ဘုတ်အကောင့်များမှလည်း ပြန်လည်ဖော်ပြထားကြပြီး မြစ်ကြီးနား-ဆွမ်ပရာဘွမ် မဟာဗျူဟာလမ်းပိုင်းရှိ စစ်ကောင်စီ၏ ဒရုခတပ် စခန်းကို KIA ၊ PDF ပူးပေါင်းတပ်များ သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ပြန်လည်တိုက်ခိုက်ရာ ပေါင် ၅၀၀ ဗုံးသီးထိမှန်ပြီး KIA ၊ PDF တပ်သားများ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖြန့်ဝေထားသည်။ ထိုပို့စ်နှစ်ခုအား ကြိုက်နှစ်သက်ကြောင်းပြုလုပ်သူ ၃၀၀ ကျော်ရှိပြီး ပြန်လည် ဖြန့်ဝေမှု ၁၀၀ နီးပါးရှိသည်။ 

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများက ထိုအကြောင်းအရာနှင့် ဓာတ်ပုံများအား အချက်အလက်စစ် ဆေးခဲ့ရာတွင် မှားယွင်းနေကြောင်း တွေ့ရသည်။

သတင်းတွင် ဖော်ပြထားသည့် ပထမဆုံးဓာတ်ပုံသည် အမေရိကန်နိုင်ငံ ဟောလီးဝုဒ်အခြေစိုက်ကုမ္မဏီ တခုမှ ၂၀၁၉ ခုနှစ်တွင်ဖြန့်ချိခဲ့သော “Triple Threat” ရုပ်ရှင်ဇာတ်ကားတွင်ပါဝင်သည့် ဇာတ်ဝင်ခန်း တခု မှပုံဖြစ်သည်။
ဤအကြောင်းကို “Movie Coverage” ယူကျုချန်နယ်တွင် ဖော်ပြထားသည့် ဇာတ်ကားနမူနာ ရုပ်သံ၏ ၅၃ စက္ကန့်တွင် မြင်တွေ့နိုင်သည်။
လင့် https://www.youtube.com/watch?v=jGCUeSrQXu4

အလားတူ ယင်းအကြောင်းကို အချက်အလက်စစ်ဆေးသောအဖွဲ့တခုဖြစ်သည့် BOOM Myanmar မှ လည်း အချက်အလက် စစ်ဆေးထားသည်။
လင့် - https://shorturl.at/lCEW6

တတိယပုံတွင် ဖော်ပြထားသည့် လက်မောင်းတံဆိပ်များသည်လည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့၏ အမှတ်တံဆိပ်များ မဟုတ်ပေ။ ယခင် သတင်းဌာနများ တွင် ဖော်ပြထားဖူးသည့် KIA အရာရှိများ၏ ဘက်တံဆိပ်များနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။

KIA/KIO အရာရှိများ၏ ပခုံးပေါ်ရှိ ရာထူးတွင်ပါဝင်သည့်ကြယ်သည် ထောင့်ငါးထောင့်ရှိပြီး သတင်းမှား တွင်ဖော်ပြထားသည့် ကြယ်တွင် ထောင့်ခုနစ်ထောင့်ပါဝင်နေသည်။ ထို့အပြင် KIA/KIO ၏ ရာထူးတံဆိပ် သည် ကချင်အမျိုးသားများ၏အမှတ်တံဆိပ်ဖြစ်သည့် ဓါးနှစ်လက် ရောယှက်ထားခြင်းဖြစ်ပြီး သတင်းမှား တွင် အသုံးပြုထားသည့် ပုံတွင်ပါသည့် ရာထူးတံဆိပ်သည် ဓါးပုံမဟုတ်ပေ။
လင့် https://shorturl.at/jmqBU
လင့် https://shorturl.at/zJTZ1
ဒုတိယပုံတွင်ပါဝင်သည့် ဒဏ်ရာရ တပ်သားနှစ်ဦး၏ မူရင်းဓါတ်ပုံကိုမူ ရှာမတွေ့ခဲ့ပေ။
ယခုအခါ မူရင်းပို့စ်ကိုပြန်ပြင်ထားသည်ကိုတွေ့ရပြီး ရုပ်ရှင်ဇာတ်ဝင်းခန်ဓာတ်ပုံသာ တွေ့ရတော့သည်။

မဇ္ဈိမ၏သတင်းအချက်စစ်ဆေးအနေဖြင့် စစ်ကောင်စီ၏ ဒရုခတပ်စခန်းအားသိမ်းပိုက်ပြီးနောက် လေ ကြောင်းမှ တိုက်ခိုက်ခံရမှု ရှိမရှိကို KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူအား ဆက်သွယ်မေးမြန်းခဲ့ရာတွင် ထိုနေ့က ဆွမ်ပရာဘွမ်ဘက်၌လေကြောင်းတိုက်ခိုက်မှုမှရှိဘဲ မြစ်ကြီးနားနှင့်ဗန်းမော်ကြားရှိ နန့်ဆန်ယန် တွင်သာ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း ပြောသည်။
“လေယာဉ်နဲ့ ဗုံးကြဲတာတော့ ကျနော်မကြားမိဘူးဗျ။ ဗုံးကြဲတာကတော့ မြစ်ကြီးနားနဲ့ ဗန်းမော်ကြားမှာရှိ တဲ့ နန့်ဆန်ယန်မှာပဲ ဗုံးလာကြဲတာ ရှိပါတယ်။ ကျန်တဲ့နေရာမှာ အခုတလောတော့ ဗုံးလာကြဲတာ မရှိဘူး ခင်ဗျ။ ကျနော့်တို့ဆီမှာတော့ အထိအခိုက်မရှိပါဘူး။ ဆွမ်ပရာဘွမ်မှာကျတော့ ကျနော်မကြားဘူး။ စခန်း သိမ်းတာကတော့  ဆွမ်ပရာဘွမ်နဲ့ မြစ်ကြီးနားက လမ်းပေါ်မှာရှိတဲ့ ဒရုခစခန်းတွေသိမ်းတာကတော့ ရှိပါတယ်။ ဒါပေမယ့် လေယာဉ်ပျံနဲ့ ဗုံးလာကြဲတာကတော့ မရှိဘူးခင်ဗျ” ဟု ဗိုလ်မှူးကြီးနော်ဘူကမဇ္ဈိမ ကိုပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့က ဆွမ်ပရာဘွမ်ရှိ စစ်ကောင်စီတပ်စခန်းတခုအား KPDF, KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းဆည်းရမိခဲ့ကြောင်း DVB သတင်းဌာနမှ သတင်းဖော်ပြထားသည်။ စခန်း သိမ်းပြီးနောက် KIA ၊ PDF စခန်း ဗုံးကြဲခံရသည်ဟု သတင်းဖော်ပြထားခြင်း မရှိပေ။ 
လင့် https://www.dvb.no/post/615964

ထို့ကြောင့် ဆွမ်ပရာဘွန်ရှိ KIA၊ PDF စခန်း ဗုံးကြဲခံရပြီး တပ်သားအများအပြားသေဆုံးသည်ဆိုသော သတင်းမှာ ရုပ်ရှင်ဇာတ်ဝင်ခန်းမှပုံနှင့် အခြားမသက်ဆိုင်သည့်ပုံများကို ပူးတွဲဖော်ပြထားသည့် သတင်း မှားသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly