စပိန်ဝါရင့်နောက်ခံလူ ဆာဂျီယို ရာမို့စ်ဟာ ပြီးခဲ့တဲ့ အပတ်က ဆီဗီလာအသင်းနဲ့ ချန်ပီယံလိဂ်မှာ ကစားနေစဉ်အတွင်း သူ့ရဲ့နေအိမ်ကို ဖောက်ထွင်းသမားတွေက ဝင်ရောက်လုယက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဖောက်ထွင်းခံရချိန် အိမ်တွင်းမှာ ရာမို့စ်ရဲ့ ကလေးလေးဦး ရှိနေခဲ့ပါတယ်။
"ဖောက်ထွင်းခံရမှုကို စုံစမ်းစစ်ဆေးနေပါတယ်"လို့ စပိန်နိုင်ငံ ဂါဒီယာမြို့ပြရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက AFP ကို ပြောကြားခဲ့ပြီး ဖောက်ထွင်းမှုဖြစ်ပွားချိန်မှာ အိမ်အတွင်းမှာ လူတွေရှိခဲ့တယ်လို့ နောက်ထပ်အသေးစိတ်အချက်အလက်တွေကို မပေးဘဲ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ကစားသမားရဲ့ ကလေးလေးဦးနဲ့ သူတို့ကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ကလေးထိန်းနှစ်ဦးဟာ စက်တင်ဘာ ၂၀ ရက်က Bollulos de la Mitacion မြို့မှာ ဖောက်ထွင်းမှုအတွင်း အိမ်မှာ ရှိခဲ့ပေမယ့်လည်း တစ်ဦးတစ်ယောက်မျှ ထိခိုက်မှုမရှိကြောင်း စပိန်မီဒီယာက ပြောပါတယ်။
အသက် ၃၇ နှစ်အရွယ် ရာမို့စ်ဟာ ပြင်သစ်ကလပ် လန်းစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ဆီဗီလာအသင်းအတွက် ဆန်းချက်ဇ်ပီဇွမ် အားကစားကွင်းမှာ ကစားနေချိန်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ဇနီး ပီလာ ရူဘီယိုလည်း အဝေးမှာ ရှိနေပါတယ်။
သူခိုးတွေဟာ ဇိမ်ခံနာရီတွေ၊ လက်ဝတ်ရတနာတွေ၊ ဒီဇိုင်နာအဝတ်အစားတွေနဲ့ ငွေသားတွေကို ခိုးယူသွားခဲ့ကြောင်း သိရပါတယ်။
ရာမို့စ်ဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ ကစားခဲ့စဉ်က ၂၀၁၂ မှာ စပိန်မြို့တော်ရှိ သူ့ရဲ့နေအိမ်ကို ဖောက်ထွင်းသမားတွေ ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း သူ အိမ်မှာရှိနေတာကို သူခိုးတွေက သိရှိသွားခဲ့ချိန်မှာ သူတို့ဟာ ပြန်ထွက်ခွာခဲ့ပါတယ်။
စပိန်အသင်းအတွက် ပွဲပေါင်း ၁၈၀ ကစားပေးထားတဲ့ ကစားသမားဟာ စက်တင်ဘာလအစောပိုင်းမှာ ပီအက်စ်ဂျီအသင်းမှ သူ့ရဲ့မွေးရပ်ကလပ် ဆီဗီလာသို့ ပြန်လည်ရောက်ရှိလာခဲ့တာပါ။
ကစားသမားတွေဟာ ပွဲစဉ်တွေ ပါဝင်ကစားနေချိန်အတွင်း သူတို့ရဲ့ အိမ်တွေကို အဖောက်ခံရတာကို တွေ့ကြုံခဲ့ရတဲ့ ရာမို့စ်ဟာ စပိန်ရှိ တစ်ဦးတည်းသော ကစားသမားမဟုတ်ပါဘူး။ ကာရင် ဘန်ဇီမာ၊ အယ်လ်ဗာရို မိုရာတာနဲ့ ဂျရတ် ပီကေးတို့ဟာ တခြားသော ပစ်မှတ်ထားခံရသူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။