ထိုင်းလယ်သမားများ၏ ကြွေးမြီအား ၃ နှစ် ဆိုင်းငံ့ပေး 

By CNA
27 September 2023
ထိုင်းလယ်သမားများ၏ ကြွေးမြီအား ၃ နှစ် ဆိုင်းငံ့ပေး 

ထိုင်းလယ်သမား သန်းပေါင်းများစွာ၏ အစိုးရဆီ ပေးချေရမည့် စုစုပေါင်း ဘတ်ငွေ ၃၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉၀၈ သန်း) ကို သုံးနှစ်တာ ဆိုင်းငံ့ခြင်းအား လွှတ်တော်က အတည်ပြုလိုက်ပြီဟု ဒုတိယ ဘဏ္ဍာရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောသည်။ 

အလွတ်နှင့် အတိုးဖြင့် ပြန်လည် ပေးဆပ်ရမည့် ကြွေးမြီနှစ်ရပ်စလုံး ဆိုင်းငံ့မှုသည် အောက်တိုဘာ ၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း ဂျူလာပန် အမ်မွန်ဗီဗက်က သတင်းထောက်များအား ပြောပြီး အတိုးဖြင့် ပေးဆပ်ရန် ရှိနေသည့် လယ်သမားများအနေဖြင့် နိုင်ငံပိုင် စိုက်ပျိုးရေးဘဏ်နှင့် လယ်ယာစိုက်ပျိုးရေး သမဝါယမအသင်းများထံမှ ဘတ်ငွေ ၁၀၀,၀၀၀ ကို ဆက်လက် ချေးငှားနိုင်မည် ဖြစ်ကြောင်း ဖြည့်စွက်ဆိုသည်။ 

ယခုကဲ့သို့ လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်မှာ လယ်သမားများ၏ ဝန်ထုပ်ဝန်ပိုးကို ပြေလျော့စေပြီး “ပြန်လည် ထူထူထောင်ထောင်” ဖြစ်လာရန် ဖြစ်သည်ဟု ၎င်းက ပြောသည်။ ကြွေးမြီဆိုင်းငံ့သည့် စီမံကိန်းတွင် လယ်သမား ၂ ဒသမ ၇ သန်း အကျုံးဝင်မည် ဖြစ်သည်။ 

ကမ္ဘာ့ ဒုတိယအများဆုံး ဆန်တင်ပို့သည့် ထိုင်းနိုင်ငံသည် အာရှ၌ အိမ်ထောင်စု ကြွေးမြီ အမြင့်ဆုံး တနိုင်ငံပဲ ဖြစ်သည်။ 

၂၀၂၁ ခုနှစ်အတွင်းက လယ်ယာစိုက်ပျိုးရေး အိမ်ထောင်စုအားလုံး၏ ၆၆ ဒသမ ၇ ရာခိုင်နှုန်းသည် ကြွေးမြီမကင်းဘဲ ရှိပြီး အများစုမှာ လယ်ယာစိုက်ပျိုးထွန်ယက်မှုနှင့် သက်ဆိုင်သည်ဟု အစိုးရ အချက်အလက်များအရ သိရသည်။  

လယ်သမား မိသားစု အများအပြားသည် ကောက်ပဲသီးနှံများ စိုက်ပျိုးရိတ်သိမ်းရေးအတွက် ချေးငှားလုပ်ဆောင်ကြရရာ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုး ပိပြီး ယင်း ကြွေးမြီက မျိုးဆက်နှင့်ချီ တင်ရှိတတ်သည်။ 

ယခု ကြွေးမြီဆိုင်းငံ့သည့် အစီအစဉ်သည် ပြီးခဲ့သည့် လက တာဝန်ယူလာသည့် လူထုအကျိုးမျှော် အစိုးရသစ်က ပြင်ဆင်စိုင်းပြင်းလာသည့် လုပ်ငန်းစဉ်များမှ တခုပဲ ဖြစ်သည်။ ပို့ကုန်ကျဆင်းခြင်းနှင့် ရင်းနှီးမြုပ်နှံသူများ၏ ယုံကြည်မှု ကျဆင်းခြင်းများ ဖိစီးကာ နှေးကွေးလေးလံနေသော စီးပွားရေးအား ပြန်လည်နိုးထရန် အစိုးရသစ်က ပြင်ဆင်စိုင်းပြင်းနေသည်။ 

ယခု ကြွေးမြီဆိုင်းငံ့မှုကြောင့် အစိုးရအနေဖြင့် တနှစ်လျှင် ဘတ်ငွေ ၁၁ ဘီလီယံခန့် (ဒေါ်လာ ၃၀၂ ဒသမ ၈ သန်းခန့်) ကုန်ကျမည်ဟု ဂျူလာပန်က ပြောပြီး အစိုးရအဖွဲ့က အင်္ဂါနေ့၌ ဘတ်ငွေ ၁၂ ဘီလီယံကို အတည်ပြုပေးထားသည်ဟု ထပ်လောင်းပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly