ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ချမ်း(ခ)နာဲဆာန်  ပစ်ခတ်ခံရ၍ သေဆုံး

By ဂျူချန်း (မဇ္ဈိမ)
25 September 2023
ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ချမ်း(ခ)နာဲဆာန်  ပစ်ခတ်ခံရ၍ သေဆုံး
ပုံအညွှန်း_ရာမညတပ်ဖွဲ့ ခေါင်းဆောင် နိုင်ချမ်း (လူမှုကွန်ရက်)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာတွင် ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ချမ်း (ခ)နာဲဆာန် စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းက ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု မဟာမိတ်တပ်ဖွဲ့မှ ရဲဘော်တဦးက မဇ္ဈိမကိုပြောသည်။

“သေနတ်နဲ့ ချောင်းပစ်ခံလိုက်ရတာ။ ဘယ်အဖွဲ့ကလဲဆိုတာကိုတော့ ကျနော်တို့ တိတိကျကျတော့ မသိ ရဘူး။ နိုင်ချမ်းနဲ့ သူ့တပည့်တယောက်နဲ့ကတစီး၊ နောက်နှစ်ယောက်က ဆိုင်ကယ်တစီး။ သုံးယောက် ကတော့ ပြန်လွတ်လာတယ်” ဟု ထွက်ပြေးလွတ်မြောက်လာသည့် ရဲဘော်တဦးက ပြန်ပြောပြကြောင်း မဟာမိတ်တပ်ဖွဲ့မှရဲဘော်က ပြောသည်။

အလယ်စခန်းကျေးရွာမှ မရော့ချိုင်းရွာသစ်သို့ ဆိုင်ကယ်ဖြင့်ထွက်လာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

ရုပ်အလောင်းကို မွန်ပြည်သစ်ပါတီမှတာဝန်ရှိသူများက သယ်ဆောင်သွားပြီး ၎င်းနှင့်အတူ AK 47 အမျိုး အစား သေနတ်တလက်နှင့် ပစ္စတိုတလက်ကိုလည်း သိမ်းဆည်းသွားသည်ဟု သတင်းရင်းမြစ်တဦးက ပြောသည်။

“အလောင်းကို ပြန်မပေးဘူး။ ကျနော်တို့သွားတောင်းတာ သူတို့ပြောတော့ ဗဟိုကို တင်ပြရဦးမယ်နဲ့ အချိန်ဆွဲနေတာ။ နောက်တော့ ရွာသားတွေကို သင်္ဂြိုဟ်ခိုင်းလိုက်တယ်” ဟု ရာမညတပ်ဖွဲ့မှ ရဲဘော် နိုင်ကရက်မွန် (ခ) နာဲကြက်မန်က မဇ္ဈိမကိုပြောသည်။

ဗဟိုအမိန့်မကျသဖြင့် ရုပ်အလောင်းကို ပြန်ပေး၍မရကြောင်းပြောကာ ရွာသားများအား ရွာသစ်သင်္ချိုင်း တွင် သင်္ဂြိုလ်ခိုင်းလိုက်ကြောင်း ၎င်းက ပြောသည်။

မဇ္ဈိမအနေဖြင့် အကြောင်းရင်းသိရှိနိုင်ရန် မွန်ပြည်သစ်ပါတီမှ ဗဟိုအလုပ်မှုဆောင် တာဝန်ရှိသူထံ ဆက်သွယ်ရာ ဆယ်သွယ်၍မရပေ။

နိုင်ချမ်းပစ်ခတ်ခံလိုက်ရသည့် အလယ်စခန်းကျေးရွာအနီးတဝိုက်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ မွန် ပြည်သစ်ပါတီ(MNSP)အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (PDF) များ လှုပ်ရှားသည့်နေရာဖြစ်သည်ဟုလည်း သိရသည်။

မည်သည့်အဖွဲ့က ပစ်ခတ်ခြင်းဖြစ်သည်ကို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယခုနှစ် ဇူလိုင်လကုန်ပိုင်းက ရေဖြူမြို့နယ် အလယ်စခန်းနှင့် သဲချောင်းရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့်ကာကွယ်ရေးတပ်ဖွဲ့တို့ ခြောက်ရက်တာတိုက်ပွဲဖြစ်ပွားခဲ့ရာ KNLA ၊ PDF များနှင့်အတူ နိုင်ချမ်း ဦး ဆောင်သည့် ရာမညတပ်ဖွဲ့မှရဲဘော်များလည်းပါဝင်ခဲ့ကြောင်း မဟာမိတ်အဖွဲ့မှ ရဲဘော်တဦးကပြော သည်။

အသက် ၅၃ နှစ်အရွယ် နိုင်ချမ်း(ခ)နာဲဆာန် သည် ရိုးသားပွင့်လင်းသူတဦးဖြစ်ပြီး အကူအညီပေးတတ် သူတဦးဖြစ်သည်ဟု မဟာမိတ်အဖွဲ့မှ ရဲဘော်က ဆိုသည်။

“ကျနော်တို့ ဒီဘက်ခြမ်းကိုဝင်လာတဲ့အချိန်မှာ သူ့ဆီက အကူအညီအများကြီးရခဲ့ဖူးတယ်။ အတူတူလည်း တွဲတိုက်ခဲ့ဖူးတယ်။ သူက ပွင့်ပွင့်လင်းလင်းပဲ။ စကားပြောနည်းနည်းကြမ်းပေမယ့် စိတ်ရင်းကောင်းတယ်” ဟု နိုင်ချမ်းနှင့်နီးစပ်သည့် မဟာမိတ်အဖွဲ့မှ ရဲဘော်တဦးက ပြောသည်။

နိုင်ချမ်းသည် မွန်ပြည်သစ်ပါတီဝင်ဟောင်းတဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းပြီးနောက် အာဏာရှင်ကို လက်မခံသဖြင့် မွန်အမျိုးသားများအားကိုယ်စားပြုနိုင်ရန် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့တွင် ရာမညတပ်ဖွဲ့ကို တည်ထောင်ခဲ့သည်။

လက်ရှိတွင် ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ချမ်းမရှိတော့သော်လည်း ရာမညတပ်ဖွဲ့သည် မွန်အမျိုးသား များ အလုံးစုံလွတ်မြောက်ရေးရရှိသည်အထိ အခက်အခဲများကြားမှ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ရဲဘော် နိုင်ကရက်မွန်က ပြောသည်။

“ကျနော်တို့ရည်ရွယ်ချက်ကိုက လူမျိုးလွတ်မြောက်ရေးအတွက် ထောင်ထားတာ။ တယောက်ပဲကျန်ရင် တောင် လက်နက်မချဘူး” ဟု ၎င်းက ပြောသည်။

နိုင်ချမ်းဦးဆောင်ခဲ့သည့် ရာမညတပ်ဖွဲ့သည် ရေးမြို့နယ်တောင်ပိုင်းနှင့် ရေဖြူမြို့နယ်မြောက်ပိုင်းတွင် အဓိက စစ်ရေးလှုပ်ရှားလေ့ရှိပြီး ကျေးရွာအတွင်း မူးယစ်ဆေးဝါးများကို ဖမ်းဆီးခြင်းနှင့် ဒဏ်ငွေဆောင် စေခြင်းများကို လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly