PDF တပ်ဖွဲ့ဝင် အမျိုးသမီးများ အဆိပ်သောက်သေဆုံးဟု ပုံဖျက်တိုက်ခိုက်သည့် သတင်းအမှား

By ZZ(မဇ္ဈိမ)
24 September 2023
PDF တပ်ဖွဲ့ဝင် အမျိုးသမီးများ အဆိပ်သောက်သေဆုံးဟု ပုံဖျက်တိုက်ခိုက်သည့် သတင်းအမှား

PDFတပ်ဖွဲ့များအတွင်း အဓမ္မပြုကျင့်မှုများဖြစ်နေပြီး PDF ရဲမေများ အဆိပ်သောက်သေဆုံးမှု များဖြစ်ပေါ်နေသည်ဟုဆိုကာ ပုံများဖြင့်ဖြန့်ဝေနေသည်။ အဆိုပါပုံများသည် ပုံဟောင်းများဖြစ်ပြီး အဆိပ် သောက်သေဆုံးခြင်း မဟုတ်ပေ။

“Ba Nyunt”တယ်လီဂရမ်ချန်နယ်က စက်တင်ဘာလ ၁၆ ရက်နေ့တွင် “ပဒပ်အဖွဲများအတွင်း အနိုင်ကျင့် မုဒိမ်းမှုများ ဖြစ်ပွားမှုနှုန်းမြင့်တက်လျက်ရှိပြီး တစ်ချိုသောပဒပ်မများ ကိုယ့်ကိုကိုယ် အဆိပ်သောက် သေ ဆုံးမှုများရှိနေကြောင်း ပဒပ်အတွင်းသတင်းအရသိရ” ဟု (မူရင်းအရေးအသားအတိုင်း) ရေးသားကာ ပုံ ၃ ပုံဖြင့် ဖြန့်ဝေထားသည်။
ထိုအကြောင်းသည် တယ်လီဂရမ်နှင့် ဂရု(ပ်)ခုနစ်ခုတွင် ပျံ့နှံ့နေပြီး ကြည့်ရှုသူ ၁၅,၀၀၀ ထိရှိနေပြီဖြစ် သည်။ ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများအနေဖြင့် ၎င်းတို့ ဖြန့်ဝေထားသည့်ပုံများကိုစစ်ဆေးခဲ့ရာ ထိုပုံများ မှာ အဆိပ်သောက် သေဆုံးသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးများမဟုတ်ကြောင်း တွေ့ ရသည်။

ပထမဆုံးပုံဖြစ်သည့် ဦးထုပ်ဆောင်း၊ လွယ်အိတ်လွယ်ကာရိုက်ထားသည့်ပုံသည် PDF အမျိုးသမီးတပ်ဖွဲ့ ဝင်တဦးဖြစ်သည့် နော်ဖူး(ခ)ဖူးပွင့်ဖြူဖြစ်သည်။ ၎င်းပုံနှင့်ထပ်တူကျသည့်ပုံအား မတွေ့ရသော်လည်း CDM ရဲမေတဦးဖြစ်သည့် ရည်မြတ်မွန်နိုင် အကောင့်မှ ၂၀၂၁ ခုနှစ် နိုဝင်ဘာတွင် တင်ထားသည့် ပုံတပုံနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ခဲ့ရာ ဦးထုပ်၊ လွယ်အိတ်၊ လက်၌ပတ်ထားသည့်ကြိုး၊ လက်မောင်းမှ တက်တူး များမှာ တပုံစံတည်းဖြစ်နေသည်ကို တွေ့ရသည်။
လင့်- https://shorturl.at/sF247 , https://shorturl.at/frtv7

နော်ဖူးမှာ ၂၀၂၂ ဧပြီလတွင် မြဝတီ၌ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ထိုအချိန်က ၎င်းနှင့်အတူ ဖေ့စ်ဘုတ်ဆယ်လီတဦးလည်းဖြစ် လက်နက်ကိုင်တော်လှန်ဖို့ရွေးချယ်ခဲ့သည့် ကိုစိုးဝင်းနိုင်လည်း ဖမ်းဆီး ခံခဲ့ရသည်။
လင့် - https://shorturl.at/yzAT5

ဒုတိယပုံဖြစ်သည့် လေ့ကျင့်ရေးယူနီဖောင်းဝတ်ထားပြီး မျက်နှာကိုအမဲရောင်ခြယ်ထားသည့် အမျိုးသမီး သုံးဦး၏ပုံမှာလည်း Myanmar ဆိုသည့်ဖေ့စ်ဘုတ်ပေ့ချ်မှ ၂၀၂၂ ခုနှစ် ဧပြီလက ဖြန့်ဝေခဲ့သည့်ပို့စ်မှပုံ ဖြစ်သည်။
“Tiktok မှာ effect ပိနေတဲ့ပုံတွေထက်...သူတို့လေးတွေက ပိုပီးတန်ဖိုးရှိပါတယ်...”ဟု ရေးသားဖြန့်ဝေ ထားသည့်ပို့စ်တွင် ထိုအမျိုးသမီးသုံးဦးပုံလည်းပါဝင်ခဲ့သည်။ ထိုပုံကို ဖြန့်ဝေသူ များပြားခဲ့သော်လည်း ပုံ၏ မူလဇစ်မြစ်ကိုမူ မတွေ့ရပေ။  
လင့် - https://shorturl.at/doDJ0

တတိယပုံဖြစ်သည့် ဓာတ်ပုံများချိတ်ထားသည့်ပုံသည် “Logistic Bee - ထောက်ပို့ပျား” ပေ့ချ်မှ ယခုနှစ် ဖေဖော်ဝါရီလက ဖြန့်ဝေထားသည့်ပို့စ်မှ ပုံဖြစ်သည်။ ကရင်နီပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်အချို့ ၂၀၂၃ နှစ်စက တော်လှန်ရင်း ကျဆုံးခဲ့ရပုံကိုဖော်ပြထားသည့် ပို့စ်မှဖြစ်သည်။
လင့် - https://shorturl.at/stwCH

ထို့ကြောင့် PDF တပ်ဖွဲ့များတွင် အဓမ္မပြုကျင့်ခံရ၍ အမျိုးသမီးအချို့ အဆိပ်သောက်သေသည်ဆိုသော သတင်းမှပုံများသည် ပုံအဟောင်းများနှင့် တိုက်ပွဲတွင်ကျဆုံးခဲ့သောပုံများကို အသုံးပြုကာ  PDF အဖွဲ့ဝင် အမျိုးသမီးများအား ပုံဖျက်တိုက်ခိုက်ကာ သတင်းအမှားဖြန့်ဝေထားခြင်း ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly