သံဖြူဇရပ်တွင် စစ်ကောင်စီဆန့်ကျင်သည်ဟုဆိုကာ အမျိုးသား ၃ ဦး ဖမ်းဆီးခံရ

By ဂျူချန်း(မဇ္ဈိမ)
23 September 2023
သံဖြူဇရပ်တွင် စစ်ကောင်စီဆန့်ကျင်သည်ဟုဆိုကာ အမျိုးသား ၃ ဦး ဖမ်းဆီးခံရ
ဓါတ်ပုံ-လူမှုကွန်ရက် ပုံစာ-ဖမ်းဆီးခံထားရသူများ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ ဖုန်းဆိုင်တဆိုင်တွင် အွန်လိုင်းပေါ်၌ စစ်ကောင်စီကို ဆန့်ကျင်သည့် အကြောင်းအရာများ ရေးသားဖော်ပြသည်ဟုဆိုကာ ဖုန်းဆိုင်ပိုင်ရှင်အပါအဝင် အမျိုးသား သုံးဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံက သိရသည်။

သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်၊ ဗိုလ်နေဝင်းလမ်းရှိ “ကျော်ကျော်ကြား” ဖုန်းဆိုင်သို့  စက်တင်ဘာလ ၂၀ ရက်တွင် စစ်ကောင်စီတပ်သား၊ ရဲနှင့် အရပ်ဝတ်များက ရုတ်တရက် ဝင်ရောက်ကာ ဖုန်းဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်း ငါးဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ-လူမှုကွန်ရက် ,ပုံစာ-ဖမ်းဆီးခံထားရသူများ

“လာဖမ်းတာကတော့ အစုံပဲ။ စစ်တပ်ရော ရဲရော။ ဖမ်းသွားတုန်းကတော့ ခြောက်ယောက်။ နောက် သုံးယောက်က ပြန်လွတ်လာပြီး သုံးယောက်ကတော့ ဖမ်းခံထားရတုန်းပဲ။ သူတို့ သတင်းရထားပြီးသားလို့ထင်တယ်။ ဖမ်းမယ်ဆိုမှ ချက်ချင်းဝင်ဖမ်းသွားတာ။ ဘယ်သူမှတောင် မသိလိုက်ရဘူး” ဟု သံဖြူဇရပ်မြို့နေသူတဦးက မဇ္ဈိမ ကိုပြောသည်။

ထို့နောက် ဖုန်းများအား စစ်ဆေးပြီး ဝန်ထမ်းသုံးဦးကို ပြန်လွှတ်ပေးခဲ့ကာ ဆိုင်ပိုင်ရှင် ဦးအောင်ကိုဟိန်း၊ ဆိုင်ဝန်ထမ်းများဖြစ်သည့် ကိုညီညီလွင်နှင့် ကိုညီညီထွေး တို့ကို သံဖြူဇရပ်မြို့မရဲစခန်းတွင် နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဓါတ်ပုံ-လူမှုကွန်ရက် ,ပုံစာ-ဖမ်းဆီးခံထားရသူများ

စစ်ကောင်စီလက်ထက်တွင် ၎င်းတို့အား မထောက်ခံ ဆန့်ကျင်သူများအား အကြောင်းအမျိုးပြကာ ဖမ်းဆီးနေပြီး စစ်တပ်ထောက်ခံ တယ်လီဂရမ် ချန်နယ်များမှလည်း စစ်ကောင်စီဆန့်ကျင်သူများအား ဖမ်းဆီးရန် လှုံ့ဆော်နေကြဆဲဖြစ်သည်။

မြန်မာနိုင်ငံသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အနည်းဆုံး နိုင်ငံထဲတွင် ပါဝင်နေပြီး လွတ်လပ်စွာ ထုပ်ဖော်ပြောဆိုခွင့်  အဆင့် ၁၀၀အနက် ကိုးတွင် ရောက်နေကာ အင်တာနက်တွင် လွတ်လပ်စွာပြောဆိုခွင့်၌ အဆင့် ၁၂ သာရှိကြောင်း Freedom House အဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း။   ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly