တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်၍ အသက် ၆ နှစ်အရွယ် ကလေးငယ်နှင့် အမျိုးသမီးအပါ လေးဦး ပြင်းထန်ဒဏ်ရာရ

By လွှမ်းမိုး(မဇ္ဈိမ)
22 September 2023
တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်၍ အသက် ၆ နှစ်အရွယ် ကလေးငယ်နှင့် အမျိုးသမီးအပါ လေးဦး ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊ တန်ဆည်မြို့နယ် ၊ အရှေ့ခြမ်းရှိ သဲကုန်းကျေးရွာကို စစ်ကောင်စီတပ်က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၍ အသက်ခြောက်နှစ်အရွယ် ကလေးငယ် တဦး နှင့် အသက် ၂၀ အရွယ် အမျိုးသမီးတဦးအပါအဝင် လေးဦး ပြင်းထန်ဒဏ်ရာရပြီး အသက်အန္တာရယ် စိုးရိမ်ရကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးအဖွဲ့ဝင်ထံက ပြောသည်။

ယနေ့  စက်တင်ဘာ ၂၂ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၅၀ ခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာသူ ကျန်နှစ်ဦးမှာ အသက် ၃၅ နှစ်အရွယ် အမျိုးသားနှစ်ဦးဖြစ်ကြောင်း  သိရသည်။

“ Mi -35 တိုက်ခိုက်ရေး ရဟတ်ယာဉ် နဲ့ ရွာဘေး ပတ်ပတ်လည် ကို ၁၅ မိနစ်ခန့် ကြာ ဆက်တိုက်ပစ်ခတ်သွားတာပါ။ နောက်ဆုံး ပြန်ခါနီးမှာ ပစ်သွားတဲ့ လက်နက်ကြီး  ခုနစ်လုံးက ရွာပေါ် တည့်တည့် ကျရောက် ပေါက်ကွဲ ခဲ့တာ ဖြစ်ပါတယ်” ဟု လုံခြုံရေး အရ အမည်မဖော်လိုသူ ဒေသခံ တဦးက ဆိုသည်။

သဲကုန်းရွာတွင် အထိုင်ချတပ်စွဲချင်သည့် စစ်ကောင်စီတပ်သည် တပ်မစွဲမီ ထိုသို့ လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

“ စစ်ကြောင်းက ကန့်ဘလူ ကာဘိုး ကနေ မူးမြစ်ကူးပြီး သဲကုန်းကို ဝင်ချင်တာ ဖြစ်ပါတယ်။ ဒေသကာကွယ်ရေး အဖွဲ့တွေက သဲကုန်းရွာ ဘက်ကနေ ပတ်ဝိုင်းထားတော့ စစ်ကောင်စီတပ်က ပိတ်မိသလိုမျိုး ဖြစ်သွားတာပါ။ ဒါကြောင့် လေကြောင်းပစ်ကူခေါ်ပြီး ထွက်လမ်း ရှင်းခိုင်းတာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

လေကြောင်းမှတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ် ခလရ (၃၆၁)  မှ အင်အား ၁၅၀ ခန့်ပါ ခြေလျင် စစ်ကြောင်းသည် သဲကုန်းကျေးရွာအတွင်းသို့ ဝင်ရောက် ၍ တပ်စွဲနေကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံက သိရပါသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် တန်ဆည်မြို့နယ် ရှိ သဲကုန်း ၊အက်တော ၊တပ်သစ် ၊ ရွှေလှ နှင့်  ငတန်း စသည့်ကျေးရွာများမှ ပြည်သူ ဦးရေ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း ဒေသခံများထံက သိရပါသည်။

 စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly