တွံတေးမြို့နာရီစင်အနီး စစ်ကောင်စီကင်းစခန်း တိုက်ခိုက်မှု  ၁ဦးသေဆုံး ၃ ဦး ဒဏ်ရာရဟုဆို

By မောင်ခက်နွေ (မဇ္ဈိမ) 
22 September 2023
တွံတေးမြို့နာရီစင်အနီး စစ်ကောင်စီကင်းစခန်း တိုက်ခိုက်မှု  ၁ဦးသေဆုံး ၃ ဦး ဒဏ်ရာရဟုဆို

ရန်ကုန်တိုင်း၊ တွံတေးမြို့နာရီစင်အနီးရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းကင်းစခန်းကို ယမန်နေ့ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင်  တိုက်ခိုက်ခဲ့ရာ စစ်သားတဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားကြောင်း PDF Twantay တောကြီးတန်းသွေးအဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ ရှစ်ဦးထက်မနည်း ရှိနေသော ကင်းစခန်းကို ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ပြီး  သေနတ်ဖြင့် ပစ်ခတ်ခြင်းဟု PDF Twantay တောကြီးတန်းသွေး၏  ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မိုက်ခဲက မဇ္ဈိမကို ပြောသည်။ 

“ပြန်လည်ပစ်ခတ်နိုင်တာမျိုးမရှိခဲ့ဘူးဗျ။ကျနော်တို့ဘက်ကအလျင်အမြန်ပျောက်ကြားဆောင်ရွက်နိုင်ခဲ့တာကြောင့်ပါ" ဟု ရဲဘော်မိုက်ခဲကပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား တဦးသေဆုံးကာ  သုံးဦးဒဏ်ရာရသွားကြောင်း ၎င်းက ပြောသည်။ စစ်ကောင်စီဘက်မှ ထိခိုက်မှုကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရသည်မှာ မှန်ကန်ပြီး စစ်ကောင်စီက မြို့တွင်း၌ အစစ်အဆေးတင်းကြပ်ထားသည်ဟု တွံတေးမြို့ဒေသခံတဦးက ပြောသည်။ 

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ရက်နေ့ကလည်း တွံတေးမြို့မရဲစခန်းကို ၄၀မမဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း  လက်နက်ချို့ယွင်းမှု့ကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု  PDF Twantay တောကြီးတန်းသွေးက သတင်းထုတ်ပြန်ထားသည်။

PDF Twantay တောကြီးတန်းသွေးအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံမဟုတ်သေးသော်လည်း တွံတေးမြို့နယ်ပကဖနှင့် လက်တွဲကာ စစ်အာဏာရှင်ကိုတော်လှန်နေကြောင်း ရဲဘော်မိုက်ခဲက ပြောသည်။လက်ရှိတွင်  ပြည်သူများ၏ ထောက်ပံ့မှုဖြင့်သာ ရပ်တည်နေရပြီး စစ်ကောင်စီကို တိုက်ခိုက်နိုင်ရေးအတွက် အကူအညီများလိုအပ်နေကြောင်း  ၎င်းက အသိပေးသည်။ 

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required