ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကောင်စီတပ်သား သုံးဦး လက်နက်အပြည့်အစုံဖြင့် CDM ဝင်လာကြောင်း ဖယ်ခုံ PDF တပ်ရင်း(၁၀၀၆) က စက်တင်ဘာလ ၁၉ ရက်နေ့က အသိပေးထုတ်ပြန်ထားသည်။
လက်တလော နယ်မြေလုံခြုံရေးအခြေအနေများကြောင့် အဆိုပါတပ်သားသုံးဦးနှင့် ပတ်သက်ပြီး အသေး စိတ်ထုတ်ပြန်ရန် မရှိသေးကြောင်း ဖယ်ခုံ PDF တပ်ရင်း(၁၀၀၆)အဖွဲ့ဝင်တဦးက ပြောသည်။
ဖယ်ခုံမြို့နယ်တွင် ဩဂုတ်လအတွင်းကလည်း ဖယ်ခုံ PDF တပ်ရင်း ၁၀၀၂ ထံသို့ စစ်ကောင်စီတပ်သား တဦး CDM ဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက် ရှမ်း-ကယားနယ်စပ်နှင့် ကရင်နီပြည်နယ်တို့တွင် စစ်ကောင်စီတပ်နှင့် PDF၊ ကရင်နီပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားနေပြီး ကရင်နီပူးပေါင်းအဖွဲ့ တပ်ရင်းများသို့ စစ်ကောင်စီတပ်သားများ ဆက်သွယ်ခိုလှုံလာမှုလည်း ရှိနေသည်။
ယခု စက်တင်ဘာလပထမပတ်အတွင်းကလည်း ကရင်နီပြည်နယ်၊ လွိုင်လင်လေးအခြေစိုက် ခမရ(၅၃၀) တွင် တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်သားတဦး သေနတ်နှစ်လက်နှင့် ကျည် ၂၀၀ ကျော် ယူ ဆောင်ပြီး ခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း (၂) က ထုတ်ပြန် ခဲ့သည်။
ကရင်နီပြည်နယ်တဝှမ်းရှိ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များအနေဖြင့် ဘက်ပြောင်းခိုလှုံလိုပါက သို့မဟုတ် CDM ပြုလုပ်လိုပါက အမြန်ဆုံးဆက်သွယ်နိုင်ပြီး ခိုလှုံလာသူများအတွက် စခန်းများဖွင့်လှစ် ပြင်ဆင်ထားကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ဘက်ပြောင်းခိုလှုံလာသူများနှင့် CDM များ ကြီးကြပ်ရေးလုပ်ငန်းကော်မတီကလည်း ဩဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားသည်။
စာတည်း။ ။စောဖေ