ကရင်နီပြည်နယ်၊လွိုင်ကော်မြို့အရှေ့ဖက်ခြမ်းမှ စားနပ်ရိက္ခာအခက်အခဲရင်ဆိုင်နေရသော စစ်ဘေးရှောင် အိမ်ထောင်စု ၁,၀၀၀ ကျော် အတွက် ကယားလီဖုလူငယ်အဖွဲ့က ဆန်အိတ်များ သွားရောက်ထောက်ပံ့ပေးခဲ့သည်။
တိုက်ပွဲကြောင့် တိမ်းရှောင်နေရသည့် ရွာပေါင်း ၃၀ မှ အိမ်ထောင်စု ၁၁၈၂ စုအတွက် အရေးပေါ်လိုအပ်နေသောဆန်ကိုသွားရောက် လှူဒါန်းခဲ့ခြင်းဟု ကယားလီဖုလူငယ်အဖွဲ့က ယမန်နေ့နှင့်ယနေ့ စက်တင်ဘာလ ၂၀ရက်တွင် သတင်းထုတ်ပြန်သည်။
လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းမှ စစ်ရှောင်စခန်းရှိရာနေရာများသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် နေရာ၌ ရှိပြီး ပုံမှန်အလှူရှင်မရှိသောကြောင့် ဆန်ရိက္ခာ ပိုမိုခက်ခဲနေကြခြင်းဟု သိရသည်။
အဆိုပါ စစ်ရှောင်စခန်းများ၌ လွိုင်ကော်မြို့ အနီးတဝိုက်မှ စစ်ဘေးရှောင်များနှင့် အနီးပတ်ဝန်းကျင်မြို့နယ်အချို့မှ လာရောက် တိမ်းရှောင်သူများအပါအဝင် လူဦးရေ ၅,၀၀၀ ခန့်ရှိသည်ဟု သိရသည်။ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအပြင် ဆေးဝါးများနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေသည်ဟု အရပ်ဘက်အဖွဲ့များက အကူအညီတောင်းထားသည်။
လွိုင်ကော်မြို့တွင် လတ်တလော၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများ မကြာခဏပစ်ခတ်နေသည်ဟု ဒေသခံများကပြောသည်။
စာတည်း - အေးချမ်း
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”