စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မိုးမြင့်ထွန်းနေရာတွင် ဗိုလ်ချုပ်မြထွန်းဦးနှင့်အစားထိုး

By 002 (မဇ္စျိမ)
20 September 2023
စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မိုးမြင့်ထွန်းနေရာတွင် ဗိုလ်ချုပ်မြထွန်းဦးနှင့်အစားထိုး
ပုံအညွှန်း - ဗိုလ်ချုပ်မြထွန်းဦး

စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မိုးမြင့်ထွန်းနေရာတွင် ဗိုလ်ချုပ်မြထွန်းဦးနှင့်အစားထိုးလိုက်‌ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ဇူလိုင် ၅ ရက်ကမှ ယင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ်တာဝန်ပေးခြင်း ခံရသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းမှာ သုံးလအကြာတွင် အစားထိုးခံရ ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ၏လူယုံတဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို တာဝန်မှအနားပေးလိုက်ပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထားလိုက်ပြီး နောက် ယင်းကော်မတဥက္ကဋ္ဌနေရာအ‌ပြောင်းအလဲ ဖြစ်ပေါ်လာ ခြင်းဖြစ်သည်။

စစ်ကောင်စီက ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ကော်မတီတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီး ဗိုလ်ချုပ်မြထွန်းဦးက ဥက္ကဋ္ဌ ဖြစ်လာပြီး အတွင်းရေးမှူးမှာ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံ ခြားစီးပွားဆက်ဆံရေး၀န်ကြီး ဒေါက်တာကံဇော်ဖြစ်သည်။

အဖွဲ့၀င်အဖြစ် ပါ၀င်သူများမှာ စစ်ခေါင်းဆောင်၏ အကြံပေး MEC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီး ဦး၀င်းရှိန်၊ စီးပွားကူးသန်း ၀န်ကြီး ဦးအောင်နိုင်ဦး၊ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့ဖြစ်သည်။

နိုင်ငံအတွင်း ကုန်ပစ္စည်းများပြတ်တောက်မှုနှင့် ကုန်စျေးနှုန်းကြီးမြင့်မှု ဆိုးဆိုးရွားရွားဖြစ်ပေါ်နေပြီးနောက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် (MIC) ဥက္ကဋ္ဌ နှင့် စစ်ကောင်စီဝင်အဖွဲ့ဝင် အသက် ၅၅ နှစ်အရွယ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အရေးယူခြင်းဖြစ်ပေါ်လာခဲ့သည်။

အကျင့်ပျက်လာဘ်စားမှုဖြင့် စစ်ဆေးခံနေရသော စစ်ကောင်စီ၀င် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၏ အဆောင်အယောင်များနှင့် ကားများကို သိမ်းလိုက်ပြီဖြစ်ပြီး ၎င်းနှင့်ရင်းနှီးသူ စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်ကိုလည်း ခေါ်ယူစစ်ဆေးနေကြောင်း နေပြည်တော် သတင်းရင်းမြစ်တခုအရ သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လူယုံတဦးဖြစ်သော ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းမှာ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ လည်း ဖြစ်သည်။

သွင်းကုန်ကိစ္စ၊ ဒေါ်လာကိစ္စများနှင့်ဆက်နွှယ်ပြီး နေပြည်တော်နှင့် ရန်ကုန်တို့မှ လုပ်ငန်းရှင်များကို ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို လာဘ်ပေးရကြောင်းပေါ်ပေါက်ပြီးနောက် ဖမ်းဆီးစစ်ဆေးခြင်း ဖြစ်ပေါ်လာခဲ့သည်။

ထို့ပြင် မိုးမြင့်ထွန်းနှင့် စစ်တက္ကသိုလ် အပတ်စဉ်(၃၀)အတူတက်ရောက်ခဲ့သော စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် ခေါ်ယူစစ်ဆေးခံနေရသည်ဟု ဆိုသည်။

အာဏာမသိမ်းခင်က ရာထူးတက်မှန်ခဲ့သော မိုးမြင့်ထွန်းမှာ တချိန်တွင် မင်းအောင်လှိုင်နေရာကိုဆက်ခံမည့်သူအဖြစ် တစ်ပေးခံခဲ့ရသူလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required