ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ဆမီးမြို့ ရဲစခန်းရှိ ဒုရဲအုပ်အဆင့်ရှိသူ ယာယီရဲစခန်းမှူးကို အမည်မသိလက်နက်ကိုင်အဖွဲ့တခုက စက်တင်ဘာလ ၁၆ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးသွားသည်ဟု ဒေသခံထံမှ သိရသည်။
“သူက ဆမီးမြို့က စစ်ဗျူဟာမှူး(စစ်ကောင်စီတပ်ဖွဲ့၏ဗျူဟာမှူးအဆင့်ရှိသူ)ရဲ့ လူယုံတော်ပါ၊ ငွေအတောင်းကြမ်းလို့ နာမည်ဆိုးထွက်နေတဲ့သူဖြစ်တယ်”ဟု အမည်မဖော်လိုသည့် ဒေသခံတဦးက မဇ္စျိမကို ပြောသည်။
ယာယီရဲစခန်းမှူး ဒုရဲအုပ်နိုင်ဇော်အောင်ဆိုသူအား ဆမီးမြို့ အမှတ်(၂) ရပ်ကွက် လမ်းကြားတနေရာတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖမ်းဆီးချိန်တွင် ၎င်းနှင့်အတူပါလာသည့် အမျိုးသမီးကို ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံကဆိုသည်။
၎င်းအား မည်သည့်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ကို မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အဆိုပါ ယာယီရဲ့စခန်းမှူးသည် မြို့ပေါ်ရှိစားသောက်ဆိုင်များနှင့် စက်လှေများအား အခွန်ပေးဆောင်ရန် တင်းကျပ်သည့် ညွှန်ကြားချက်များပေးသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ရိက္ခာများ စုဆောင်းပေးနေသူလည်းဖြစ်သည်ဟု ဒေသခံကဆိုသည်။
ဆမီးမြို့ဒေသတဝိုက်သည် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) CDF – Pelatwa နှင့် ချင်းအမျိုးသားတပ်မတော် (CNA) အဖွဲ့များ လှုပ်ရှားသည့်နယ်မြေ ဖြစ်ကြောင်း ဒေသခံများထံကသိရသည်။
ဇူလိုင်လ ၂၆ရက်နေ့ကလည်း မတူပီမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ချမ်းမြေ့အောင်ကို မတူပီ - ဟားခါးလမ်းမပေါ်ရှိ ဖနိုင်ကျေးရွာနှင့် မတူပီ ခရိုင်ရုံးအကြားတွင် CDF – Matupi က စစ်ဆင်ရေးတရပ်ပြုလုပ်၍ ဖမ်းဆီးခဲ့သေးသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)