သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုထောက်ခံသည့် ရွာပေါင်းစုံသပိတ်

By မဇ္ဈိမ 
19 September 2023
သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုထောက်ခံသည့် ရွာပေါင်းစုံသပိတ်
ပုံအညွှန်း - ရွာပေါင်းစုံသပိတ်မှ ယနေ့ ချီတက်နေစဥ် (ဓါတ်ပုံ -  ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်မှ  ကျေးရွာများစုပေါင်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံသည့်ချီတက်ဆန္ဒပြပွဲကို စက်တင်ဘာလ ၁၉ရက် ယနေ့တွင် ပြုလုပ်ခဲ့ကြသည်။

 "ငါတို့အမတ် ၊ ငါတို့အသံ"  " Our Ambassador - Our Voice" ဆိုသည့် စာတမ်းကိုင်စွဲပြီး ကြွေးကြော်ချီတက်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာလူထုကို ကိုယ်စားပြုသည့် သံအမတ်ကြီးရှိနေခြင်းသည် နွေဦးတော်လှန်ရေး၏ ထူးခြားကောင်းမွန်သည့် အားသာချက်ကြီးဖြစ်ပြီး မြန်မာ့အရေးအား  နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ဆက်လက်တင်ပြနိုင်ရန်  လက်ရှိနေရာကို ဆက်လက်ရရှိနိုင်ရေးအတွက် အားလုံး ထောက်ခံပူးပေါင်းကြရန်လိုအပ်ကြောင်းသပိတ်ဦးဆောင်သူတဦးက တိုက်တွန်းသည်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် စက်တင်ဘာလ ၁၈ ရက်မှ စက်တင်ဘာလ ၂၆ ရက်နေ့ထိ ကျင်းပနေသည့်   (၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ်ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ခြင်း ရှိ၊မရှိဆုံးဖြတ်ရန်ရှိနေသည်။ ထို့ကြောင့် ဦးကျော်မိုးထွန်းကို ထောက်ခံသည့်ချီတက်ဆန္ဒပြပွဲများကို ပြည်သူများနှင့်  တော်လှန်ရေးအင်အားစုများက  ပြုလုပ်နေသည်။

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည်  (၉၁၁) ရက်မြောက်ချီတက်ခြင်းဖြစ်သည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required