၀ိှုက်ကတ် အစားထိုး အစိမ်းရောင်ကတ်များ ထုတ်ယူရာတွင် ရိုဟင်ဂျာ အမည်ဖြင့် စာရင်းသွင်းရန် တောင်းဆိုမှု များပြားဟုဆို

၀ိှုက်ကတ် အစားထိုး အစိမ်းရောင်ကတ်များ ထုတ်ယူရာတွင် ရိုဟင်ဂျာ အမည်ဖြင့် စာရင်းသွင်းရန် တောင်းဆိုမှု များပြားဟုဆို
၀ှိုက်ကတ်အစားထိုးကတ်ပုံစံ

ရန်ကုန် ၊ ဇူလိုင် ၂ ။    ။ ရခိုင်ပြည်နယ်တွင် ယာယီသက်သေခံလက်မှတ် ( ဝှိုက်ကတ်) အစားထိုးကတ် အစိမ်းရောင်ကတ်များ  ထုတ်ယူရာတွင်  ရိုဟင်ဂျာအမည်ဖြင့် စာရင်းသွင်းရန်တောင်းဆိုမှုများရှိနေပြီး အစားထိုးကတ်ကို ထုတ်ယူမှု လျော့နည်း လျှက်ရှိ သည် ဟု ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်  အမျိုးသားမှတ်ပုံ တင်ရေး ဦးစီးဌာန (လ.ဝ.က )ဦးစီးမှူး ဦးခင်စိုးကပြောသည်။

ဝှိုက်ကတ်များ ကို ရုတ်သိမ်းပြီးနောက်တွင် "နိုင်ငံသားစီစစ်ခြင်းခံယူမည့်သူ၏ သက်သေခံကတ်ပြား" အမည်ရှိ စိမ်းပြာရောင် ကတ်ကို ထုတ်ပေးလျှက်ရှိပြီး ထိုကတ်ကို ထုတ်ယူမည့်သူ နည်းပါးခြင်းကို ဦးခင်စိုးကပြောကြားခြင်းဖြစ်သည်။

 ၎င်းက "အထူးသဖြင့် ဘင်္ဂလီအင်အားများတဲ့နေရာအ များစုက ရိုဟင်ဂျာ လို့ စာရင်းသွင်းရမယ်၊ နိုင်ငံသားလျှောက်တဲ့အခါဒီလို စာရင်းသွင်းမှ ကတ်ကိုယူပြီးနိုင်ငံသားလျှောက်မယ် လို့ ပြောပြီး ကတ်ကို မယူကြဘူး"ဟု ဆိုသည်။

 ဝှိုက်ကတ်အစားထိုး ကတ်များကိုဇွန်လငါးရက်နေ့မှ စတင်၍ထုတ်ပေးခြင်းဖြစ်ပြီး ဇူလိုင် ၁ ရက်နေ့အထိ တစ်ထောင့်နှစ်ရာကျော် (၁၂၁၃)ဦးသာ ထုတ်ယူ ခြင်းရှိသေးသည်ဟုဆိုသည်။

အစိမ်းရောင်ကတ် လက်ခံ ထားသူ ကျောက်ဖြူမြို့ ကျောက်တလုံးဘင်္ဂလီ ဒုက္ခသည် စခန်းမှ  ဒုခေါင်းဆောင် ဦးဖြူချေက "ကျွန်တော်တို့ က ဘင်္ဂလီပဲဖြစ်ဖြစ် ၊ရိုဟင်ဂျာပဲ ဘာပဲဖြစ်ဖြစ် တရားဝင်အသိအမှတ်ပြုရင် လက်ခံပါတယ်"ဟု မဇ္ဈိမကိုပြောသည်။

 ဝှိုက်ကတ်သည် ယာယီနိုင်ငံသားအဆင့်ရှိသော ကတ်ဖြစ်ပြီး မဲထည့်ခွင့်နှင့် ပြည်နယ် အတွင်း လွှတ်လပ်စွာသွားလာခွင့်များ ရရှိထားရာ ထပ်မံထုတ်ပေးသော ကတ်များအပေါ်တွင် ယုံကြည်မှု အားနည်းနေသည် ဟု စစ်တွေ မြို့နယ် ဒုက္ခသည် စခန်းခေါင်းဆောင် ဦးအောင်ဝင်းကဆိုသည်။

 ၎င်းက "ဒီမှာတော့ ဘယ်သူမှ သွားမယူကြဘူး၊ ဒီကတ်က ကျွန်တော်တို့ရဲ့နဂိုရှိပြီးသား အခွင့်အရေး က ယာယီနိုင်ငံသား ဒါကို လက်မဲ့ဖြစ်အောင်လုပ်လိုက်ပြီး ဘာမှ အာမခံချက်မရှိတဲ့ကတ်ကို ထုတ်ပေး တဲ့အတွက် သွားမယူကြဘူး၊ကလေးက အစမယူ ဘူး"ဟု မဇ္ဈိမကိုပြောသည်။

 အစိမ်းရောင်ကတ်ကိုင်ဆောင်သူသည် မြန်မာနိုင်ငံသားဥပဒေ နှင့်အညီ နိုင်ငံသားဖြစ်ခွင့် လျှောက်ထား ရမည် ဖြစ်ပြီး ကတ်၏ သက်တမ်းမှာ နှစ်နှစ်ဖြစ်သည်။  သက်တမ်းတိုးလိုပါက သက်တမ်းမပြည့်ခင် သုံးလ အလိုတွင် လျှောက်ထားရမည်ဖြစ်သည်။ အဆိုပါ ကတ်ပြားကို  အခြားသူထံ လွှဲပြောင်းမပေးရဘဲ ကတ်ပြားပေါ်တွင် မည်သည့် အမှတ်အသားပြောင်းလဲ ချက်မှ မပြုလုပ် ရပေ။ ထိုကတ်ပြားကို ခရီးသွားသည့် အခါ ယူဆောင်ရမည် ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဝှိုက်ကတ်ကိုင်ဆောင်သူ ခြောက်သိန်းကျော်ရှိခဲ့ပြီး ထိုကတ်များကို ပြန်လည် အပ်နှံသူများမှာ သုံးသိန်းကျော်ရှိသည်။

သို့သော် အစားထိုးကတ်များကို ပြန်လည် လက်ခံသူများ တစ်ထောင်ကျော်သာ ရှိသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly