အနန့်ပါဖြစ်စဉ်မှပုံဖြင့် ကရင်နီပြည်နယ် ဒီမော့ဆိုတိုက်ပွဲတွင် PDF ၁၀၀ နီးပါး ကျဆုံးဟု သတင်းမှားဖြန့် 

By JC(မဇ္ဈိမ)
15 September 2023
အနန့်ပါဖြစ်စဉ်မှပုံဖြင့် ကရင်နီပြည်နယ် ဒီမော့ဆိုတိုက်ပွဲတွင် PDF ၁၀၀ နီးပါး ကျဆုံးဟု သတင်းမှားဖြန့် 

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်သား ၁၀၀ နီးပါး ကျဆုံးခဲ့သည်ဟူသော ဓာတ်ပုံလူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။

“Kyaw Swar” တယ်လီဂရမ်ချန်နယ်မှ စက်တင်ဘာလ ၆ ရက်နေ့တွင် အစုလိုက်အပြုံလိုက် မြှုပ်နှံထား သည့် မြေပုံများပါဝင်သည့်ပုံဖြင့် "ဒီမောဆို တိုက်ပွဲမှာ ပဒက် ၅ကင်ပဲ
ကျတာလို သူတိုဘက်က သတင်းထုတ်ထားတယ်။ ကျော်စွာက ၁၀၀ နီးပါးကျတယ်လို တင်တယ် အချိုအချင်းချင်း သတင်း မမှန်ဘူး ဘာညာ ဖုန်းဆက်ကြတယ်။ အလိုအပိုတော့နည်းနည်းရှိပါလိမ့်မယ်။ အခု လတ်လတ်ဆက်ဆက် မသာချထား တဲ့ပုံတွေ ရလာတယ် ၅ ကင် မကဘူး ၁၀၀နီးပါးပဲ။  မိုးတွင်းကုလ ကြီး ဒီမသာတွေက အဟောင်းမဟုတ်ဘူး။လတ်လတ်ဆက်ဆက်တွေ။" ဟု (မူရင်းအရေးအသားအတိုင်း)  ရေးသားထားသည်။ 

ထိုအကြောင်းသည် အခြား တယ်လီဂရမ်နှင့် ဂရု(ပ်)ခြောက်ခုတွင်ပျံ့နှံ့နေပြီး ကြည့်ရှုသူ ၃၅,၀၀၀ ကျော် ရှိနေပြီဖြစ်သည်။ 
အဆိုပါအကြောင်းအရာကို “တစ်ကောင်ဘွား စနေသား”အမည်ရှိ ဖေ့စ်ဘုတ်အကောင့်မှ စက်တင်ဘာလ ၇ ရက်နေ့တွင် ဖြန့်ဝေထားသည်။ ထိုပိုစ့်ကို ပြန်လည်ဖြန့်ဝေမှု ၇၂ ခုရှိနေပြီဖြစ်သည်။ 

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများမှ ထိုအကြောင်းအရာနှင့် ဓာတ်ပုံအားစစ်ဆေးခဲ့ရာ ကရင်နီပြည် နယ် ဒီးမော့ဆိုမြို့မှပုံမဟုတ်ဘဲ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါကျေးရွာ ဗုံးကြဲခံရမှုဖြစ်စဉ်မှ ပုံ ဖြစ်ကြောင်း တွေ့ရသည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တပ်မဟာ(၉)နယ်မြေ အနန့်ပါကျေးရွာ၌ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)တည်ထောင် ခြင်း(၆၂)နှစ်ပြည့်အကြို တေးဂီတဖျော်ဖြေပွဲကျင်းပနေစဉ် အရပ်သားရာနှင့်ချီရှိသည့်နေရာကို စစ်ကောင် စီတပ်က တိုက်လေယာဉ်သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူ ၇၀ ခန့် သေဆုံးခဲ့ရသည်။

သတင်းတုတွင် အသုံးပြုထားသောပုံသည် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၏ ရုပ် အလောင်းများကို  ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဘော်ဆာဒီးကျေးရွာ၌ မြှုပ်နှံခဲ့သည်ကို အောက်တို ဘာလ ၂၅ ရက်နေ့က ရိုက်ကူးထားသည့် ဓာတ်ပုံဖြစ်သည်။

ထိုပုံကို မီဒီယာများတွင်လည်း ဖော်ပြခဲ့ကြသည်။ 
Myanmar Now မှလင့် https://myanmar-now.org/mm/news/13028/
RFA မှလင့် https://www.rfa.org/english/news/myanmar/hpakant-aftermath-1025202206281...

ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်ကြားရှိ ပြည်ထောင်စုလမ်းမကြီးတွင် စစ်ကောင်စီတပ်နှင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များကြား ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့မှစတင်ကာ တိုက်ပွဲပြင်းထန်နေပြီး တလအတွင်း ဒုဗိုလ်မှူးအဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်သား ၁၁၀ ဦးသေဆုံးပြီး KNDF မှ ရဲဘော်ငါးဦး ကျဆုံးခဲ့ ကြောင်း KNDF က စက်တင်ဘာလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ လင့် - https://shorturl.at/apuQS

ဒီးမော့ဆိုရှိ စစ်ဘေးရှောင်နှင့် ကာကွယ်ရေးတပ်ဖွဲ့များအား ထောက်ပံ့ကူညီနေသည့် Jobs for Kayah မှ ကိုလွမ်းအား ကာကွယ်ရေးတပ်ဖွဲ့များကျဆုံးမှုနှင့်ပတ်သက်ပြီး မဇ္ဈိမကမေးမြန်းရာတွင် “တလခွဲ လောက် က ပူဖားနဲ့ သဲတောင်ရောဆိုရင်တော့ ရှစ်ယောက်လောက် (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ကျတယ်” ဟု ၎င်းက ပြောသည်။ 

စက်တင်ဘာလ ၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သေးဆူလဲနှင့် ပူဖားကျေးရွာတွင် တပ်စွဲထား သည့် စစ်ကောင်စီတပ်စခန်းများအား ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက စီးနင်းတိုက်ခိုက်ခဲ့ရာ ခလရ(၉) မှ ဒုတပ်ရင်းမှူး ရဲလင်းနိုင် ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ ဦး သေဆုံး ခဲ့ရာ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း ပူးပေါင်းအဖွဲ့မှ ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထား သည်။
လင့် - https://shorturl.at/kqvyC

ထို့ပြင် အခြားယုံကြည်စိတ်ချရသည့် မီဒီယာများတွင်လည်း ဒီးမော့ဆိုတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ၁၀၀ နီးပါးကျဆုံးသည့်အကြောင်း ဖော်ပြထားခြင်းမရှိပေ။ 

ထို့ကြောင့်  ဒီးမော့ဆိုတွင် PDF တပ်သား ၁၀၀ နီးပါး သေဆုံးသည်ဟူသောပုံမှာ ကရင်နီပြည်နယ်မှ ဓာတ်ပုံမဟုတ်ဘဲ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ကချင်ပြည်နယ် အနန့်ပါကျေးရွာ၌ ဗုံးကြဲခံရမှု ကြောင့် အရပ်သားများအပါအဝင် လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့်ဖြစ်စဉ်မှ ပုံဟောင်းဖြင့် ဖြန့်ဝေ ထားသည့် သတင်းမှားသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly