အောင်လံမြို့နယ် လ၀က ရုံး မိုင်းဖြင့်တိုက်ခိုက်ခံရ ထိခိုက်သေဆုံးမှုရှိဟုဆို

By ရောင်နီ(မဇ္စျိမ)
14 September 2023
အောင်လံမြို့နယ် လ၀က ရုံး မိုင်းဖြင့်တိုက်ခိုက်ခံရ ထိခိုက်သေဆုံးမှုရှိဟုဆို

မကွေးတိုင်း၊ အောင်လံမြို့နယ်ရှိ လူ၀င်မှုကြီးကြပ်ရေးရုံး(လ၀ကရုံး)ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အောင်လံမြို့နယ်) တာ၀န်ရှိသူထံက သိရသည်။

အောင်လံမြို့နယ် လ၀ကရုံးအတွင်းရှိ စစ်ကောင်စီတပ်ကင်းတဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာလ ၁၃ ရက်၊ နံနက် ၃ နာရီ၀န်းကျင်အချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ တိုက်ခိုက်ခဲ့တာက လ၀ကရုံးထဲက စစ်ကောင်စီကင်းပေါ့။ အရင်ကတော့ အရာရှိအိမ်ထင်တယ်၊ အခုတော့ စစ်ကောင်စီတပ်တွေပဲ လုံခြုံရေးယူထားတာ။ အဲ့ဒီနေရာကို ရုံးရဲ့ အရှေ့မြောက်ဘက်ကနေ ရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။” ဟု မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်( အောင်လံမြို့နယ်)မှ ပြန်ကြားတာ၀န်ခံက မဇ္စျိမကို ပြောသည်။

မိုင်းဆွဲမှုကြောင့် လ၀ကရုံးရှေ့မျက်နှာစာမှန်များ ထိခိုက်ပျက်စီးခဲ့ကာ စစ်ကောင်စီတပ်ကင်းတဲရှိ ရုံးစောင့်တဦး သေဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။

“ တယောက်တော့ ထိပြီး လဲကျသွားတာကို မျက်မြင်တွေ့လိုက်ရပါတယ်။ အဲ့နေ့ကလည်း အပြင်ထွက်လာတာ တယောက်ပဲ တွေ့တယ်။ စစ်သားဟုတ် မဟုတ်တော့ မသိပါဘူး။ ” ဟု ၎င်းက ပြောသည်။

ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဆိုင်ကယ်များဖြင့် လိုက်လံပစ်ခတ်ခြင်းများရှိခဲ့သော်လည်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့၀င်ရဲဘော်များ အထိအခိုက်မရှိ ဘေးလွတ်ရာသို့ တိမ်းရှောင်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှု အခြေအနေကို သီးခြားအတည်ပြုချက်ရယူနိုင်ရန် မဇ္စျိမက ဆက်လက်စုံစမ်းနေသည်။

“ လမ်းကြောင်းပိတ်ဆို့ စစ်ဆေးတာတွေ ရှိတယ်။ ထောင့်တိုင်းမှာ ကင်းတွေချထားပြီး ပျူအင်အားတွေ ထပ်တိုးထားတယ်။ ကားတွေနဲ့ ကင်းပတ်တာတွေလည်း ရှိနေပါတယ်။ ပြည်သူတွေကိုလည်း စစ်ကောင်စီတပ်နဲ့ တတ်နိုင်သမျှ ဝေးဝေးနေဖို့ မှာကြားချင်ပါတယ်” ဟု မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ် - အောင်လံမြို့နယ်မှ ပြန်ကြားတာ၀န်ခံက ပြောသည်။

လ၀ကရုံး တိုက်ခိုက်ခံရပြီးနောက် လက်ရှိအချိန်အထိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက အောင်လံမြို့အတွင်းရှိ လမ်းထောင့်များတွင် ကင်းများချကာ လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly