ICJ ရောက် မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဂမ်ဘီယာနိုင်ငံဘက်မှ ပြင်သစ် ရပ်တည်

By Spring
12 September 2023
ICJ ရောက် မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဂမ်ဘီယာနိုင်ငံဘက်မှ ပြင်သစ် ရပ်တည်

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ  ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တဲ့ မြန်မာစစ်တပ်ကို တရားစွဲဆိုထားမှုမှာ တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ပြင်သစ်နိုင်ငံက ပါဝင်ရပ်တည်မှာဖြစ်ကြောင်း ပြင်သစ် သမ္မတ အီမင်န်နျူရယ် မက်ခရွန် (Emmanuel Macron) က ကြေညာလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ်  ပြင်သစ်သမ္မတ Emmanuel Macron က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasinaနဲ့ တွေ့ဆုံအပြီး အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

 တရားမျှတမှုနဲ့ တာဝန်ခံမှုရှိစေရေးအတွက် နိုင်ငံတကာရဲ့ အားထုတ်မှုတွေကို ထောက်ခံတဲ့အနေနဲ့ နိုင်ငံတကာတရားရုံးရောက် ဂမ်ဘီယာနဲ့ မြန်မာ နိုင်ငံအမှုမှာ အခြားမိတ်ဖက်နိုင်ငံတွေနဲ့အတူ ပြင်သစ်ကလည်း ဝင်ရောက် ဆောင်ရွက်မယ်လို့ ကြေညာလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဆိုပါတယ်။

အခြေအနေကိုဆက်လက်ထိန်းထားပြီး ရိုဟင်ဂျာတွေနေရပ်ပြန်ရေးကိစ္စက နိုင်ငံတကာလုပ်ငန်းစဉ်တွေမှာ ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆက်လက် ပါဝင်နေအောင်လုပ်ဖို့လည်း နှစ်နိုင်ငံလုံးက ကတိကဝတ်ပြုလိုက်ကြတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်အပေါ် နိုင်ငံတကာတရားရုံးက အမှုကို ကြားနာစစ်ဆေးလျက်ရှိနေပြီး  မြန်မာစစ်တပ်က  ရိုဟင်ဂျာမွတ်စလင် သန်းချီကို ရွှေ့ပြောင်းစေခဲ့ပြီး အကြမ်းဖက်သတ်ဖြတ်မှုများကို  ၂၀၁၇ ခုနှစ် သြဂုတ်လက ရက်စက်ကြမ်းကြုတ်စွာ ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခဲ့ကြတာဖြစ်ပါတယ်။ 

ဆက်လက်ဖြစ်ပွားနေတဲ့  လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူမျိုးသုဉ်းသုတ်သင်မှုတွေကို ကုလသမဂ္ဂက ရှုတ်ချရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မိတ်ဖက်များနဲ့အတူ ပြင်သစ်နိုင်ငံမှ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြင်သစ်သမ္မတက ပြောကြားထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ လှုပ်ရှားမှုများအတွက် ယူရို ၁ သန်း (ဒေါ်လာ ၁.၀၇ သန်း) လှူဒါန်းကြောင်း ပြင်သစ်က ကြေညာထားပါတယ်။

ပြင်သစ်သမ္မတက မြန်မာစစ်တပ်အနေဖြင့် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်ကြောင်း ၂၀၁၇ ခုနှစ်တွင် ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

မိမိသဘောအလျောက်၊ လုံခြုံစိတ်ချ၊ ဂုဏ်သိက္ခာရှိရှိနဲ့ တာရှည်တည်တံ့တဲ့ အိမ်အပြန်ခရီးဖြစ်အောင် မြန်မာနိုင်ငံအတွင်း အခြေအနေတွေဖန်တီးဖို့လိုအပ်တာကိုလည်း နှစ်နိုင်ငံလုံးက ထပ်မံ ပြောလိုက်ကြပါတယ်။ 

ပြင်သစ်သမ္မတဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှစ်ရက်ကြာခရီးရောက်နေခဲ့တဲ့ ဒီခရီးဟာ ပြီးခဲ့တဲ့ ၃၃ နှစ်အတွင်း ပြင်သစ်သမ္မတ တယောက်ရဲ့ ပထမဆုံးဘင်္ဂလားဒေ့ရှ်ခရီးလည်း ဖြစ်ပါတယ်။

#politicalnews
#mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly