တမူးမြို့နယ်တွင် လေဖြတ်နေသူ အပါအဝင် အရပ်သား ၂ ဦး အသတ်ခံရ

By ပါခွီး (မဇ္စျိမ)
11 September 2023
တမူးမြို့နယ်တွင် လေဖြတ်နေသူ အပါအဝင် အရပ်သား ၂ ဦး အသတ်ခံရ
ဓာတ်ပုံ- စစ်ကောင်စီတပ်သားများကို တွေ့ရစဉ် (ပုံဟောင်း)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကလေဖြတ်နေသူ အပါအဝင် ဒေသခံအမျိုးသား နှစ်ဦးကိုသတ်ဖြတ်ကာ လူနေအိမ်များကို ဖျက်ဆီး၊ ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း တမူးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

တမူးမြို့နယ် နန်းမွန်းတားနှင့် ခမိတ်ရွာက ဒေသခံနှစ်ဦးသည် စက်တင်ဘာလ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကို ခံလိုက်ရခြင်း ဖြစ်သည်။

ကလေးမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒစက)၊ ခလရ (၈၉) မှ အင်အား ၂၀၀ ကျော် ခန့်ပါသည့် စစ်ကောင်တပ်ဖွဲ့ကို ကလေးမြို့မှ မလူသို့ ပို့ဆောင်ပြီးနောက် ယင်းမှ တမူးလမ်းတလျောက်စစ်ကြောင်းထိုးလာစဉ် အရပ်သားနှစ်ဦးကို သတ်ဖြတ်သွားခြင်း ဖြစ်သည်ဟု တမူး ပအဖ အဖွဲ့ဝင်က ပြောသည်။

“နန်းမွန်းတားရွာက လေဖြတ်နေတဲ့သူကို သူ့အိမ်မှာပစ်သတ်သွားတယ် ၊ ခမိတ်က သူကိုတော့ ခါး ၊လက် ၊ ပေါင်တွေမှာ သေနတ်နဲ့ပစ်ပြီး အလောင်းကို လမ်းမပေါ် ပစ်ထားခဲ့တာ” ဟု တမူးမြို့နယ် အုပ်ချုပ်ရေး (ပအဖ) အဖွဲ့ဝင် တဦးက မဇ္စျိမ ကို ပြောသည်။

အဆိုပါ စစ်ကြောင်းသည် စက်တင်ဘာလ ၉ ရက်နေ့တွင် နန်းမွန်းတားရွာသို့ ဝင်ရောက်ပြီး လေဖြတ်ကာ မသန်စွမ်းဖြစ်နေသူ အသက်(၄၈) နှစ်အရွယ် ဦးသောင်းခိုရန်းကို ၎င်းနေအိမ်တွင် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းနောက် စစ်ကြောင်းသည် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ခမိတ်ရွာသို့ဝင်ရောက်လာစဉ် စစ်ကြောင်းကို ကြောက်လန့်ပြီး ထွက်ပြေးသူ နှစ်ဦးအား ပစ်ခတ်ရာ အသက် (၂၉) နှစ်အရွယ် ကိုသားငယ်၏ ခါး ၊ လက်နှင့် ပေါင်တို့တွင် ဒဏ်ရာများ ရရှိကာ သေဆုံးသွားသည်။

၎င်း၏ ရုပ်အလောင်းကို လမ်းမပေါ်စွန့်ပစ်ထားခဲ့ရာ စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ထွက်သွားပြီးချိန်မှ ကောက်ယူသင်္ဂြိုဟ်ခဲ့ရကြောင်း သိရသည်။

အိမ်ခြေ ၂၆၀ ခန့်ရှိသည့် ခမိတ်ရွာကို နံနက် ၆နာရီမှ ဝင်ရောက်ပြီး မွန်းလွဲပိုင်းတွင် ဒေသခံများကို စာသင်ကျောင်းတွင် စုဝေးစေကာ ရွာအတွင်းရှိ အိမ်ခြေ ၂၁၀ ခန့် ကို ဖျက်ဆီးဝင်ရောက်ပြီး ရွှေ ၊ ငွေနှင့် အဖိုး တန်းပစ္စည်းများယူဆောင်သွားခဲ့ကြောင်း တမူး (ပအဖ) က ပြောသည်။

ယင်းအပြင် ခမိတ်ရွာမှ ရွာသားနှစ်ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားရာ စက်တင်ဘာလ ၁၁ ရက် ယနေ့ နံနက်ပိုင်း အချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဆိုသည်။ 

ထိုစစ်ကောင်စီတပ်သည် နယ်မြေခံ ပျူစောထီးများဖြင့် ဒေသတွင်း ဖြန့်ကျက် စစ်ကြောင်းထိုးလာနေခြင်းဖြစ်ပြီး တမူးခရိုင်၊ ပြည်သူ့ခရိုင်တပ်ရင်း (၁) နှင့် စက်တင်ဘာလ ၆ ရက်နေ့မှစ၍ တိုက်ပွဲများ စတင်ဖြစ်ပွားနေသည့်အပြင် ဒေသတွင်းရှိ အခြားကာကွယ်ရေးတပ်ဖွဲ့ များနှင့်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

စက်တင်ဘာလ ၁၁ ရက် ယနေ့နံနက်ပိုင်းတွင် ရရှိသော သတင်းများအရ အဆိုပါ စစ်ကောင်စီတပ်သည် ပန်းသာ (ပျူစောထီး) ရွာတွင် ဝင်ရောက်တပ်စွဲနေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ခြေ ရှိနေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက ပြောသည်။

လက်ရှိမှာ တမူးမြို့နယ်အတွင်း နှစ်ဘက်စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိဖြင့် နေထိုင်ကြရန် တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။

စာတည်း။    ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly