KNU တပ်မဟာ(၆)သို့ လာရောက်ပူးပေါင်းသောစစ်ကောင်စီတပ်သားကို ထောက်ပံ့ငွေ သိန်း ၅၀ ပေးအပ်

By YT  ( မဇ္ဈိမ)
07 September 2023
KNU တပ်မဟာ(၆)သို့ လာရောက်ပူးပေါင်းသောစစ်ကောင်စီတပ်သားကို ထောက်ပံ့ငွေ သိန်း ၅၀ ပေးအပ်
ပုံအညွှန်း- အလင်းဝင်လာသော တပ်သားစိုင်းဖြိုးအောင်အား ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ ပေးအပ်နေပုံ (ဓါတ်ပုံ- KNU)

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်သို့ လာရောက်ပူးပေါင်း သည့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၃၂)မှ တပ်သားဦးအား ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ ပေးအပ်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်သားမှာ အသက် ၂၂ နှစ်အရွယ်ရှိ တပ်သား စိုင်းဖြိုးအောင် ဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့တွင် တပ်မဟာ(၆) KNLA တပ်ရင်း(၁၇)၊ တပ်ခွဲ(၂)သို့ လာရောက်ပူး ပေါင်းခြင်းဖြစ်သည်။

“စစ်ကောင်စီ၏ မတရားဖိနှိပ်အုပ်ချုပ်မှုစနစ်အားမနှစ်သက်သဖြင့် တပ်မှကြိုးစားရုန်းထွက် လွတ်မြောက် ကာ နွေးထွေးသောပြည်သူ့ရင်ခွင်သို့ခိုလှုံပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသွားသည်အထိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးသမားများနှင့်အတူ ပူးပေါင်းပါဝင် ကူညီသွားမည်” ဟု လာရောက်ပူးပေါင်း သည့် တပ်သားကပြောကြောင်း KNU ဗဟို၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်သား စိုင်းဖြိုးအောင်သည် MA- 1 သေနတ်တလက်၊ ကျည်ဘောက်ငါးခု၊ ကျည် ၇၅ တောင့်နှင့် စစ်ဝတ် စုံတစ်စုံယူဆောင်လာခဲ့ပြီး ၎င်းအား ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ ပေးအပ်ခဲ့ကြောင်း KNU က ဆိုသည်။ 

KNU အနေဖြင့် စစ်ကောင်စီလက်အောက်ခံတပ်သားများ ပြည်သူ့ဘက်တော်သားအဖြစ် ပူးပေါင်းလာ သည်ကိုကြိုဆိုကြောင်းနှင့် လက်နက်များပါယူဆောင်လာနိုင်ပါက ကာလတန်ဖိုးနှင့်ညီမျှသည့် ငွေအား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကာ ဘဝရပ်တည်ရေးအတွက်ပါ ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

စာတည်း။ ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly