သရက်ချောင်းတွင် မိုင်းရှင်းရန်လာသည့် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
07 September 2023
သရက်ချောင်းတွင် မိုင်းရှင်းရန်လာသည့် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်လမ်းတွင် မိုင်းရှင်းရန်လာ သော စစ်ကောင်စီတပ်သားများ စီးနင်းလာသည့်ကားတစီး စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းက မိုင်းဆွဲတိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

သရက်ချောင်းမြို့နယ်၊ သင်းကျွန်းကျေးရွာတွင် စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းက စာသင်ကျောင်း နှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနေအိမ်အနီးတွင် ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက သေနတ်ပစ်ဖောက် ပြီး မိုင်းတလုံးပစ်ထားခဲ့ကြောင်း သိရသည်။

အဆိုပါမိုင်းအားရှင်းလင်းရန် စစ်ကောင်စီတပ်သားများသည် မြေသယ်ကားဖြင့် သရက်ချောင်းမြို့ဘက်သို့ ဆင်းလာစဉ် မွန်းလွဲ ၂ နာရီခွဲဝန်းကျင်တွင် သရက်နှစ်ခွရွာနှင့် သင်းကျွန်းရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရ ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သေဆုံးသူမရှိဘူးလို့တော့ ကြားရတယ်။ ကားသမားကတော့ လက်ကိုထိပြီး ဒဏ်ရာရတယ်၊ ကျန်တဲ့သူ တွေလည်း ဆေးထည့်နေတာတွေ့ရတယ်” ဟု သရက်ချောင်းမြို့ခံတဦးက ပြောသည်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်မှ အရေးပေါ်ကားတစီး ထားဝယ်ဘက်သို့တက်သွားသည်ကို တွေ့ရ ကြောင်းနှင့် ထိခိုက်ဒဏ်ရာရသူအရေအတွက်မသိရကြောင်း ဒေသခံများက ပြောသည်။

မြေသယ်ကားပေါ်တွင် စစ်ကောင်စီတပ်သား ၂၀ ဦးဝန်းကျင်ပါရှိကြောင်းနှင့် မိုင်းဆွဲတိုက်ခိုက်ခံရပြီး နောက် လက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်ခဲ့ကာ ညနေ ၅ နာရီခန့်အထိ လမ်းပိတ်ပြီး စစ်ဆေးခဲ့ကြောင်း သိရသည်။

ပုံစာ - သရက်ချောင်းမြို့ လမ်းတနေရာ

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required