မြန်မာတွင် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး စစ်ကောင်စီကို ဆက်လက်ဖိအားပေးမည်ဟု အမေရိကန်ဒုသမ္မတ ပြော

By ရိုက်တာ/အေအက်ဖ်ပီ
07 September 2023
မြန်မာတွင် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး စစ်ကောင်စီကို ဆက်လက်ဖိအားပေးမည်ဟု အမေရိကန်ဒုသမ္မတ ပြော
Photo-AFP

မြန်မာတွင် ဒီမိုကရေစီ လမ်းကြောင်းကို ပြန်လည်ထူထောင်ရေး၊ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရေးနှင့် ကြောက်မက်ဖွယ် အကြမ်းဖက်မှုတို့ ရပ်ဆိုင်းရေးအတွက် အမေရိကန်အနေဖြင့် မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ဆက်လက်ဖိအားပေးသွားမည် ဖြစ်ကြောင်း အမေရိကန် ဒုသမ္မတ ကမ်မလာ ဟားရစ်က စက်တင်ဘာ ၆ ရက် အရှေ့တောင်အာရှခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

အမေရိကန် ဒုသမ္မတ ဟားရစ်သည် စက်တင်ဘာ ၆ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်တွင် ကျင်းပသည့် ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ၁၁ ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့သည်။

ဟားရစ်သည် အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံပြီး နိုင်ငံတကာ စည်းမျဉ်း၊ စံသတ်မှတ်ချက်များနှင့် ဒေသတွင်း ကိစ္စများနှင့်ပတ်သက်ပြီး ၎င်းတို့၏ တူညီသည့် ကတိပြုနှစ်မြှုပ်ထားမှုကို ချီးကျူးခဲ့သည်။

အမေရိကန်၏ ဒေသဆိုင်ရာ ဆက်ဆံပတ်သက်မှု တိုးမြှင့်သည့် လက္ခဏာရပ်တခုအဖြစ် ဝါရှင်တန်တွင် ပထမဆုံးသော အမေရိကန်-အာဆီယံ စင်တာ ထူထောင်ကြောင်း သူမက ကြေညာခဲ့သည်။

အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံအုပ်စုသည် စက်တင်ဘာ ၆ ရက်က တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်၊ ကနေဒါတို့နှင့် သီးခြား ထိပ်သီးအစည်းအဝေးများကို ကျင်းပခဲ့သည်။

အမေရိကန်ဒုသမ္မတ ကမ်မလာ ဟားရစ်က သမ္မတ ဂျိုးဘိုင်ဒင် ကိုယ်စား တက်ရောက်လာခြင်း ဖြစ်သလို တရုတ်ဝန်ကြီးချုပ် လီချန်းသည်လည်း သမ္မတ ရှီကျင့်ဖျင် ကိုယ်စား တက်ရောက်သည်။

မြန်မာအာဏာသိမ်းစစ်ကောင်စီ၏ အဓိက သံတမန်ရေးရာ မဟာမိတ်ဖြစ်သည့် တရုတ်နှင့် ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးများ၌ မြန်မာ့အရေးသည် အဓိက ကိစ္စရပ်တခုဖြစ်ခဲ့သည်။

မြန်မာတွင် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုနှင့် တိုက်ခိုက်မှုများအပေါ် အရှေ့တောင်အာရှ ခေါင်းဆောင်များက ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်တွင် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ကြပြီး စစ်ကောင်စီအပေါ် တိုက်ရိုက် ပြစ်တင်ခဲ့ကြသည်။

ပြီးခဲ့သည့် နှစ်နှစ်အကြာက စစ်ကောင်စီနှင့် သဘောတူခဲ့သည့် ဘုံသဘောတူညီချက် ငါးရပ်အစီအစဉ် အကောင်အထည်ဖော်ရန် ပျက်ကွက်နေခြင်းအပေါ် အာဆီယံအုပ်စုအနေဖြင့် “လွန်စွာ စိုးရိမ်ပူပန်” ရသည်ဟု စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်သည့် အာဆီယံ ဥက္ကဋ္ဌ ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

တချိန်တည်းမှာပင် အင်အားကြီးနိုင်ငံများ အရှေ့တောင်အာရှ၌ စုဝေးတွေ့ဆုံကြစဉ် ‘စစ်အေးတိုက်ပွဲသစ်” နှင့်ပတ်သက်ပြီး တရုတ်ဝန်ကြီးချုပ်က စက်တင်ဘာ ၆ ရက်တွင် သတိပေးပြောဆိုသည်။

အင်အားကြီး နိုင်ငံများအနေဖြင့် ၎င်းတို့၏ အမြင်မတူမှုများကို ထိန်းချုပ်ထားကြရန်နှင့် “စစ်အေးတိုက်ပွဲသစ်” ကို ရှောင်ရှားကြရန် တရုတ်ဝန်ကြီးချုပ်က ပြောကြားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required