ခုခံတွန်းလှန်စစ် ၂ နှစ်အတွင်း စစ်ကောင်စီတပ်သား ၃၀,၀၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ဟု NUG ပြော

By မောင်ခက်နွေ(မဇ္ဈိမ)
07 September 2023
ခုခံတွန်းလှန်စစ် ၂ နှစ်အတွင်း စစ်ကောင်စီတပ်သား ၃၀,၀၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ဟု NUG ပြော

ခုခံတွန်းလှန်စစ် နှစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၉,၉၀၀ ကြိမ်ခန့်ဖြစ်ပွားပြီး စစ်ကောင်စီအင်အား ၃၀,၀၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်လိုက်သည်။ 

ထိုအခြေအနေကို ကြည့်ပါက နှစ်နှစ်အတွင်း စစ်ကောင်စီသည် အင်အား ၁၂ ဒသမ ၅ ရာခိုင်နှုန်း ဖြုန်းတီးခဲ့သည်ဟု NUG- MOD ကသုံးသပ်သည်။

စစ်တပ်အာဏာသိမ်းပြီး ခုနစ်လအကြာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့တွင် တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းစောင်းမကျန် အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်ခိုက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်ပွဲခေါ်ခဲ့တာ ဒီနေ့ စက်တင်ဘာ ၇ ရက်နေ့တွင် နှစ်နှစ်ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။ 

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ( NUG )တွင် PDF တပ်ရင်း ၂၉၃ ရင်းရှိနေပြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)တွေကို မြို့နယ်ပေါင်း ၂၅၀ ကျော် ဖွဲ့စည်းနိုင်ခဲ့တယ်ဟု NUG - MOD ပြန်ကြားရေးကဆိုသည်။ 

ခုခံတွန်းလှန်စစ် နှစ်နှစ်အတွင်း တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း(အရှေ့ခြမ်းနှင့် အနောက်ခြမ်း)၊ မွန်ပြည်နယ်၊ မကွေးတိုင်း (တောင်ပိုင်း) နှင့် နေပြည်တော်တို့တွင် စစ်ဆင်ရေးနယ်မြေများ တိုးချဲ့ဖော်ဆောင်နိုင်ခဲ့တယ်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဒါ့အပြင် ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းတို့တွင်လည်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) တွေသာမက PDF တွေပါ ထူထောင်နိုင်ခဲ့တယ်ဟု ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly