ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်များအားတိုက်ခိုက်မှုအပြင် ဖမ်းဆီးငွေ တောင်းခြင်းနှင့် ပစ္စည်းသိမ်းယူခြင်းများပါ ပြုလုပ်

By YT (မဇ္ဈိမ)
06 September 2023
ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်များအားတိုက်ခိုက်မှုအပြင် ဖမ်းဆီးငွေ တောင်းခြင်းနှင့် ပစ္စည်းသိမ်းယူခြင်းများပါ ပြုလုပ်
ပုံအညွှန်း- စစ်ကောင်စီတပ်​၏ လက်နက်ကြီးကြောင့် ဒဏ်ရာရ ပြည်သူတစ်ဦး ( ဓါတ်ပုံ- KNU)

KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီ တပ်သည် အရပ်သားပစ်မှတ်များအား လက်နက်ကြီးဖြင့်ပစ်ခတ်မှု၊ လေကြောင်းမှတိုက်ခိုက်မှုတို့အပြင် အရပ်သားများအား ဖမ်းဆီးကာငွေတောင်းခံခြင်း၊ ပစ္စည်းသိမ်းယူခြင်းများကိုပါပြုလုပ်နေကြောင်း KNU ဗဟို၏ ထုတ်ပြန်ထားသည်။

“မြေပြင်မှာ အမြဲလိုလို စစ်ကောင်စီက ရှုံးနေတယ်။ စခန်းတွေ၊ ထိန်းချုပ်နယ်မြေတွေလည်း တော်တော် များများ မရှိတော့ဘူး။ အဲ့ဒါကြောင့် ရွာတွေကိုပစ်မှတ်ထားပြီး လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ် နေတာနေ့တိုင်းပဲ” ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)မှ ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါ်က မဇ္ဈိမကို ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့က ရွှေကျင်မြို့နယ်၊ အင်းကနီကျေးရွာနှင့် ကျောက်တန်း ကျေးတို့ရွာမှ ကိုသန်းနိုင်ဦး၊ ကိုအငယ်လေး၊ ကိုဝင်းနိုင်နှင့် ကိုအောင်မင်းသက်တို့သည် ဈေးဝယ်ရန်သွား စဉ် ရှမ်းရွာရှိ စစ်ကောင်စီဂိတ်၌ ဖမ်းဆီးခြင်းခဲ့ရသည်။

အရပ်သားလေးဦးအား ဖမ်းဆီးထားသည့် ရှမ်းရွာစစ်ကောင်စီဂိတ်သို့ ကျေးရွာတာဝန်ရှိလူကြီးများမှ သွား ရောက်တွေ့ဆုံရာတွင် စစ်ကောင်စီတပ်က ငွေ ၁၀ သိန်းတောင်းခံခဲ့ကြောင်း၊ ငွေပေးပြီးမှသာ အရပ်သား လေးဦးအား ခံဝန်ကတိထိုး၍ ပြန်လွှတ်ပေးခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းကလည်း ရွှေကျင်မြို့နယ်၊ ဝိုင်းကျန်းကျေးရွာမှ လင်မယားနှစ်ဦး ညောင်လေးပင်မြို့မှ ဈေးဝယ်ပြီးပြန်လာစဉ် ပုဇွန်မြောင်းကျေးရွာရှိ စစ်ကောင်စီဂိတ်ကဖမ်းဆီးကာ ၎င်း တို့နှင့်အတူပါလာသည့် ဆန်ငါးအိတ်နှင့် ဆိုင်ကယ်တစီး စုစုပေါင်း ကျပ်သိန်း ၃၀ ဖိုးအား သိမ်းယူပြီးမှ ပြန် လွှတ်ပေးခဲ့ကြောင်း ဆိုသည်။

လက်ရှိတွင် ညောင်လေးပင်ခရိုင်၌ စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် စက်တင် ဘာလ ၅ ရက်နေ့အထိ စစ်ဘေးရှောင်သူ ၂၀၀,၀၀၀ ကျော်ရှိနေကြောင်း KPSN ၏ ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါ်က မဇ္ဈိမကို ပြောသည်။

စစ်ဘေးရှောင်နေရသူများ၏ နေအိမ်များအတွင်းကျန်ရစ်ခဲ့သော တန်ဖိုးကြီးပစ္စည်းများ၊ ကျွဲနွား စသည်တို့ လည်း စစ်ကောင်စီတပ်၏ ဖောက်ထွင်းသိမ်းယူခြင်းခံနေရကြောင်း ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီဝင်က မဇ္ဈိမကိုပြောကြားသည်။

စက်တင်ဘာလ ၁ ရက်မှ ၄ ရက်နေ့အတွင်း စစ်ကောင်စီတပ်စခန်းများနှင့် အထိုင်တပ်ရင်းများ၏ လက် နက်ကြီးဖြင့်ပစ်ခတ်မှု၊ လေကြောင်းမှတိုက်ခိုက်မှုတို့ကြောင့် တပ်မဟာ(၃)နယ်မြေတွင် လေးဦးသေဆုံး၍ ၁၉  ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly