TikTok ပေါ်မှ သတိထားသင့်သည့် စစ်ကောင်စီဝါဒဖြန့်ချိရေးများ

By မဇ္ဈိမ 
05 September 2023
TikTok ပေါ်မှ သတိထားသင့်သည့် စစ်ကောင်စီဝါဒဖြန့်ချိရေးများ

ဆိုရှယ်မီဒီယာကုမ္ပဏီတခုဖြစ်သည့် TikTok သည် တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် အခြေစိုက်ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင်စတင် ဖြန့်ဝေခဲ့သည်။ ယခုအခါ နိုင်ငံပေါင်း ၁၆၀ တွင် အသုံးပြုသူ တဘီလီယံ ကျော်ရှိနေပြီ ဖြစ်သည်။ 

ဒစ်ဂျစ်တယ်ကုမ္ပဏီတခုဖြစ်သည့် ADCORE ၏ဖော်ပြချက်အရ ၂၀၁၃ ခုနှစ်အတွင်း ပေါ်ပြူလာ အဖြစ် ဆုံး ဆိုရှယ်မီဒီယာ ၁၇ ခု စာရင်းတွင် TikTok သည် နံပါတ် ခြောက်တွင် ရှိနေသည်။

လင့် - https://www.adcore.com/blog/17-most-popular-social-media-platforms-2023/

တစ်တော့သည် ၂၀၁၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၌ အသုံးပြုသူများပြားလာခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက်တွင် တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများအသုံးမပြုရေး Boycott ပြုလုပ်ရမည့် စာရင်းတွင် TikTok လည်းပါဝင်ခဲ့သည်။ သို့သော်လည်း ယနေ့ချိန်အထိ မြန်မာနိုင်ငံတွင် TikTok အသုံးပြုသူ များပြား လျက်ပင် ရှိနေသည်။ 

ထိုင်းနိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီ - HAPPIO ၏ ဖော်ပြချက်အရ ၂၀၂၂ ခုနှစ်အတွက် မြန်မာနိုင်ငံ တွင် အသုံးပြုသည့် ထိပ်တန်း မိုဘိုင်းအက်ပလီကေးရှင်း ၁၀ ခုစာရင်းတွင် TikTok သည် နံပါတ်လေးတွင် ရှိနေသည်။ မြန်မာနိုင်ငံတွင် TIktok ကို ဒေါင်းလုပ်ပြုလုပ်မှု စုစုပေါင်း သန်း ၅၀၀ ရှိနေသည်ဟု ဆိုသည်။ 
 


မြန်မာနိုင်ငံမှ TikTok အသုံးပြုသူများကြားတွင် ဖျော်ဖြေရေးအနေဖြင့် သီချင်း၊ ဟာသ၊ စီးပွားရေး ကြော်ငြာများကို ဗီဒီယိုအတိုဖြင့် ဖော်ပြလေ့ရှိကြသည်။ ထို့ပြင် တိုက်ရိုက်ထုတ်လွှင့်ခြင်းများဖြင့်လည်း ကုန်ပစ္စည်းရောင်းချခြင်းများရှိနေသည်။ 

၎င်းတို့သည် မြန်မာနိုင်ငံပုံ အလံအသုံးပြုခြင်း၊ Hashtag "#" ဖြင့် တပ်မတော်၊ အစိမ်းတို့နယ်မြေ၊ တပ် မတော်လေ၊ မြန်မာ့တပ်မတော်၊ အစိမ်းရောင်နယ်မြေ၊ ပြည်တွင်းဖြစ်ကိုအားပေးပါ၊ တပ်မတော် အင်အား ကြီးမားပါစေ၊ တပ်မတော်ချစ်မြတ်နိူးသူ၊ ........... စသည်ဖြင့် စစ်ကောင်စီတပ်ကို လက်ခံကြောင်းပြကြ သည်။ 

အတိုက်အခံများအတွက်မူ ခွဲခြားဆက်ဆံ နှိမ့်ချသည့် အသုံးအနှုန်းများ၊ အမုန်းပွားစေသည့် အသုံးအနှုန်း များကို သုံးနှုန်းကာ ဖြန့်ဝေလေ့ရှိသည်။


 
စစ်ကောင်စီကို ထောက်ခံသည့် “Hein Lynn Htet” အမည်ရှိအကောင့်မှ  ဆန်းသစ်မှု၊ ဖန်တီးမှုများ မရှိဘဲ အမည်းရောင်နောက်ခံပေါ်တွင် အစိမ်းရောင်စာလုံးများဖြင့် စာသားချည်းသက်သက် ရေးသားဖြန့် ဝေနေသည်။ တရက်လျှင် ဗီဒီယို အနည်းဆုံး တခုမှ အများဆုံး ခုနှစ်ခုအထိ ဖြန့်ဝေသည်။ 

၎င်း၏ဖော်ပြမှုများတွင် ဘာသာရေးနှင့်ဆက်နွှယ်ပြီး တိုင်းရင်းသားမုန်းတီးရေးကိုဦးတည်သည့်  KIA, PDF များက သံဃာနှင့် သီလရှင်များကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ မုဒိန်းကျင့်ခြင်း၊ ဓါးပြတိုက်ခြင်း စသည့် အကြောင်းများကြောင့် ဗမာတိုင်းရင်းသားများမှ ထိုင်ကြည့်မနေသင့်ကြောင်း၊ အားမပေးသင့်ကြောင်း ဇာတ်ကြောင်းပြောဆိုမှုများကို တွေ့ရသည်။ 

ထို့ပြင် မြန်မာပြည်ထောင်စုမှ ခွဲထွက်မှုများမဖြစ်ရန် စစ်ကောင်စီတပ်မှ ကာကွယ်နေမည်ဖြစ်ပြီး ထိုသို့ ကြံစည်သူများကို အပြတ်ချေမှုန်းခံရမည်ဟူသည့် ခြိမ်းခြောက်ပြောဆိုခြင်းများလည်း ပါဝင်သည်။ 

ထိုတင်မကသေး တိကျသည့်အချက်အလက်များမပါဝင်ဘဲ အခြေအမြစ်မရှိသည့် အချက်အလက်မပြည့် စုံသည့် အကြောင်းအရာများဖြင့် သတင်းတုဖြန့်ဝေမှုများလည်း ရှိနေသည်။  KIA ၏ အဓိက ထိန်းချုပ်နယ် မြေဖြစ်သည့် လိုင်ဇာတွင် ခုခံနိုင်စွမ်းမရှိတော့သောကြောင့် စစ်ကိုင်းတိုင်းအတွင်းသို့ ဌာနချုပ်ကိုပြောင်း ရွှေ့နေကြောင်း၊ လက်ခတ်တောင်တိုက်ပွဲတွင် KNU/KNLA တပ်များ ထွက်ပြေးနေရကြောင်း၊ PDF များက စစ်ကိုင်းတိုင်းထဲရှိ ရွာများကို မီးရှို့နေကြောင်း စသည်ဖြင့် ဖြန့်ဝေသည်။ 

ထို အကောင့်တွင် Follower ၂၁,၃၀၀ ကျော်ရှိနေပြီး လူငယ်တဦး၏ပုံကိုသာ ဖော်ပြထားပြီး မည်သူမည် ဝါဖြစ်ကြောင်း ဖော်ပြထားခြင်းမျိုး မရှိပေ။ အတိုက်အခံများကိုဦးတည်၍ အမုန်းပွားစေသည့် အသုံး အနှုန်းများ၊ သတင်းတုများကိုသာ ဖော်ပြနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ၂၁ ရက်နေ့တွင် ကော်ဘရာစစ်ကြောင်းနှင့် ကျားသစ်နက်စစ်ကြောင်းတို့က ကရင် ပြည်နယ် မြဝတီမြို့အနီးရှိ စစ်ကောင်စီနှင့် ကရင်နယ်ခြားစောင့်တပ်တို့ ပူတွဲစခန်းထိုင်ထားသည့် လက်ခတ်တောင် စခန်းကုန်းကို တိုက်ခိုက်သိမ်းယူခဲ့သည်။ ထိုစခန်းကုန်းကို စစ်ကောင်စီတပ်က အကြိမ် ကြိမ်ပြန်လည်လာရောက် တိုက်ခိုက်ခဲ့သော်လည်း ယနေ့ချိန်ထိ ကော်ဘရာစစ်ကြောင်းနှင့် ကျားသစ်နက် စစ်ကြောင်းတို့မှ ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။ 

ထိုအကြောင်းနှင့်ပတ်သက်၍ TikTok ၌ တိုက်ပွဲဖြစ်စဉ်လျှောက် KNU/KNLA တပ်များ စခန်းကုန်းကို ချန် ထားကာ ထွက်ပြေးနေရကြောင်း၊ စစ်ကောင်စီတပ်များက ၁၀၀ ရာခိုင်နှုန်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့ ကြောင်း စသည်ဖြင့် ဖြန့်ဝေမှုများကို တွေ့ရသည်။ 

TikTok တွင် မြန်မာများ အသုံးပြုမှုများသည့် အခြားလုပ်ဆောင်မှုမှာ အကောင့်များစု၍ တိုက်ရိုက်ထုတ် လွှင့်ခြင်းဖြစ်သည်။ နွေဦးတော်လှန်ရေးကို ထောက်ခံအားပေးနေသူများက တော်လှန်ရေးရန်ပုံငွေ အတွက် စည်းရုံးပြောဆိုနေသည့် တိုက်ရိုက်ထုတ်လွှင့်မှုများကို တွေ့ရသည်။ 

တဆက်တည်းပင် ဒေါ်အောင်ဆန်းစုကြည်ပုံကို မဖွယ်မရာပြုပြင်ကာ ထိုပုံဖြင့်တိုက်ရိုက်ထုတ်လွှင့်ပြီး အပြန်အလှန်ဆဲဆိုနေသည်များကိုလည်း တွေ့ရသည်။ အမျိုးသမီးဖြစ်တည်မှုကို ဦးတည်တိုက်ခိုက်ခြင်း၊ ရခိုင်အမျိုးသမီးကို စော်ကားပြောဆို ရေးသားထားပြီး တိုက်ရိုက်ထုတ်လွှင့်ခြင်းများလည်း ရှိသည်။ 

TikTok နှင့် အချက်အလက်ဖော်ထုတ်ခံရခြင်းများ။ 

စစ်ကောင်စီထောက်ခံသူ တယ်လီဂရမ်ချန်နယ်များတွင် အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများ၏ ထုတ်ဖော်ပြောဆိုမှုများကိုစုဆောင်းကာ ပုဂ္ဂိုလ်ရေးအချက်အလက်များဖြင့် ဖမ်းဆီးရန်လှုံ့ဆော်မှုများ ပြု လုပ်လေ့ရှိနေသည်။ ဖေ့စ်ဘုတ်တွင်ဖော်ပြသည့် အကြောင်းအရာများကိုသာမကဘဲ TikTok တွင် ဖော်ပြ ထားမှု များကိုလည်း ဖော်ထုတ်လျက်ရှိနေသည်။ 

စိုးမြတ်နွယ်အမည်ရှိအမျိုးသမီးတဦးက ၎င်း၏ TikTok တွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် အကြောင်းများ၊ တော်လှန်ရေး၏အမှတ်သညှာဖြစ်သည့် အရေးကြီးပြီသီချင်းဖြင့် ဗီဒီယိုအတို ဖော်ပြမှုများ ကို ထောက်ပြကာ Banyunt တယ်လီဂရမ်ချန်နယ်မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဖမ်းဆီးပေးရန်ဖော် ပြခဲ့ရာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်တွင် ၎င်းအဖမ်းခံရကြောင်း စစ်ကောင်စီလော်ဘီ ချန်နယ် အသီး သီးတွင် ဖော်ပြခဲ့ကြသည်။ 

ယင်းကဲ့သို့ပင် TikTok ၌ စစ်ကောင်စီကို မထောက်ခံကြောင်းဖော်ပြသူများ၏ အချက်အလက်များ ဖော် ထုတ်ခံနေဆဲပင် ဖြစ်သည်။ 

TikTok သည် အကောင့်အချို့ကို ပိတ်ပင်ခြင်း၊ ၎င်းတို့၏ Community Guide Line များ ရှိနေသော်လည်း အန္တရာယ်ရှိသည့် အမုန်းပွားစေသည့်အကြောင်းအရာများမှာ ပျံ့နှံ့နေဆဲပင်ဖြစ်သည်။ TikTok ကို နိုင်ငံ အများအပြားတွင် အသုံးမပြုရန် အစိုးရများမှ ပိတ်ပင်ခြင်းများရှိခဲ့သည်။ ၂၀၂၀ ခုနှစ် နှစ်လယ်တွင် အိန္ဒိယ အစိုးရက နိုင်ငံပြင်ပသို့ အချက်အလက်များ လျှို့ဝှက်ပေးပို့နေသည်ဟုဆိုကာ TikTok အသုံးပြုမှုကို ပိတ် ပင်ခဲ့သည်။ 

အလားတူပင် အာဖဂန်နစ္စတန်၊ သြစတြေးလျ၊ ဘယ်လ်ဂျီယမ်၊ ကနေဒါ၊ ဒိန်းမတ်၊ နယ်သာလန်၊ နယူး ဇီလန်တို့တွင် TikTok အား တရားဝင် ပိတ်ပင်ထားသည်။ အာဖဂန်နစ္စတန်က အစ္စလာမ်တရားဥပဒေနှင့် မညီညွတ်၍ပိတ်ပင်ခြင်းဖြစ်ပြီး ကျန်နိုင်ငံများကမူ လုံခြုံရေးကြောင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန် ကွန်ဂရက်တွင်လည်း TikTok ၏ CEO ဖြစ်သူအား ခေါ်ယူကြားနာခဲ့ပြီး ပိတ်ပင်ရန်ဆွေးနွေးနေကြသည်။ မြောက်အမေရိက၊ ဥရောပနှင့် အာရှတိုက်မှ နိုင်ငံအများအပြားတွင် TikTok ကို ဥပဒေထုတ်ပြီး ကန့်သတ် လာကြသလို နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော EU နှင့် NATO တို့ကလည်း ၎င်းတို့၏ဝန်ထမ်းများ အား အလုပ်နှင့်သတ်ဆိုင်သောဖုန်းများတွင် TikTok အသုံးပြုခြင်းအား ပိတ်ပင်ထားကြသည်။

ဒီဂျစ်တယ်သိမြင်တတ်မြောက်မှုအားနည်းပြီး ဒီဂျစ်တယ်ပိုင်းဆိုင်ရာ ဥပဒေအားနည်းနေသေးသည့် မြန်မာနိုင်ငံတွင် ဆိုရှယ်မီဒီယာပေါ်မှ ယခုကဲ့သို့ ချိုးဖောက်မှုများကို အရေးယူရန် ခက်ခဲနေသေးသည့် အခြေအနေဖြစ်သည်။ ဤအခြေအနေတွင် မိမိ၏ လုံခြုံရေးအတွက် နေ့စဉ်ဘဝမှ အချက်အလက်များကို ဆိုရှယ်မီဒီယာတွင် နည်းနိုင်သမျှနည်းရန် ဖော်ပြခြင်းမှာ အကောင်းဆုံးပင်ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly