ယင်းမာပင်၊ကျောက်ကုန်းရွာရောက် စစ်ကောင်စီ စစ်‌ကြောင်းကိုကာကွယ်‌ရေးပူးပေါင်းအဖွဲ့တိုက်ခိုက်

By လွှမ်းမိုး (မဇ္ဈိမ)
05 September 2023
ယင်းမာပင်၊ကျောက်ကုန်းရွာရောက် စစ်ကောင်စီ စစ်‌ကြောင်းကိုကာကွယ်‌ရေးပူးပေါင်းအဖွဲ့တိုက်ခိုက်

ယင်းမာပင်မြို့နယ်မြောက်ခြမ်းရှိ ကျောက်ကုန်းကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု (ULF)ထံမှ သိရသည်။

ကျောက်ကုန်းဘုန်းကြီးကျောင်းဝန်း၌ အင်အား ၅၀ ခန့်ဖြင့် ယာယီတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို DY(850) တိုက်ခိုက်ရေးဒရုန်းဖြင့် ယမန်နေ့စက်တင်ဘာ ၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဗုံးနှစ်လုံးချ တိုက်ခိုက်ခဲ့ခြင်းဟု ULF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ကိုဂျော်ဒန်က ပြောသည်။ စစ်ကောင်စီတပ်ဘက်တွင် ထိခိုက် သေဆုံးမှုများနိုင်သည်ဟု ၎င်းက ဆိုသည်။

“  ရန်သူ့တပ်တွေရှိတဲ့ နေရာကို ထိထိရောက်ရောက် ပစ်ချဖောက်ခွဲနိုင်ခဲ့တယ်"ဟု ကိုဂျော်ဒန်က ပြောသည်။

ထိုတိုက်ခိုက်မှုကို ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု(ULF) မှ ဗိုလ်မုတ်ဆိတ်၊ ဗျတ္တညီနောင် ၊ နဂါးညီနောင်၊PDA၊ ယင်းမာပင်ခရိုင် Drone Army ၊ MTOF ၊ အမိမြေတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရသည်။ တိုက်ခိုက်ခံရသည့် စစ်ကောင်စစ်ကြောင်းသည် ယနေ့ စက်တင်ဘာလ ၅ရက်နံနက်တွင် ကျောက်ကုန်းရွာ၌ တပ်စွဲထားဆဲဟု သတင်းရရှိသည်။

ယခုတိုက်ခိုက်မှုသည် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီပစ်မှတ်နေရာများကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် နှစ်ရက်ဆက်တိုက်ခိုက်မှုဖြစ်သည်။စက်တင်ဘာ ၃ ရက်နေ့ကလည်း  ယင်းမာပင်မြို့နယ်၊ဘန့်ဘွေးပျူရွာကို DY(850) ဒရုန်းဖြင့် အီနာဂါ ဗုံးသီးသုံးလုံးချပြီး တိုက်ခိုက်ခဲ့ကြောင်း ULF တပ်ပေါင်းစုကထုတ်ပြန်သည်။

ယင်းမာပင်နှင့် ကနီမြို့နယ်စပ်မှ စည်သူ၊ ကျောက်ကုန်း၊ ကျောက်မှော်၊ အင်းပတ်၊ နွားခြံကုန်း၊ ကျွန်းကလေးစသည့် ကျေးရွာများကို ပြီးခဲ့သည့် ဇူလိုင်လဆန်းမှစတင်ကာ စစ်ကောင်စီက စစ်ကြောင်းထိုးနေ၍ ဒေသခံကာကွယ်ရေးတပ်ဖွဲ့မျာက တိုက်ခိုက်ခဲ့ကြသည်။ ထို့အပြင် စစ်ရေးတင်းမာနေ၍ ဒေသခံ လူဦးရေ ၁၀,၀၀၀ကျော်သည် စစ်ရှောင်နေကြရကြောင်း သိရပါသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly