မှန်ကန်တဲ့မဲစာရင်းကောက်ယူနိုင်မှ ရွေးကောက်ပွဲကိုလည်း မှန်မှန်ကန်ကန်နဲ့ ပြုလုပ်နိုင်မှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်ပြော

By Spring
05 September 2023
မှန်ကန်တဲ့မဲစာရင်းကောက်ယူနိုင်မှ ရွေးကောက်ပွဲကိုလည်း မှန်မှန်ကန်ကန်နဲ့ ပြုလုပ်နိုင်မှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်ပြော

မဲစာရင်းတွေ အပြည့်အဝကောက်ယူနိုင်မှသာ မှန်ကန်တဲ့မဲစာရင်းတွေရရှိမှာဖြစ်ပြီး ရွေးကောက်ပွဲကိုလည်း မှန်မှန်ကန်ကန်နဲ့ ပြုလုပ်နိုင်မှာဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

၂၀၂၄ ခုနှစ်မှာ သန်းခေါင်စာရင်းကောက်ပြီးမှသာ မဲစာရင်းပြုစုနိုင်မှာဖြစ်ပြီး လာမယ့် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးရာမှာလည်း လုံခြုံစိတ်ချရတဲ့ အီလက်ထရောနစ်မဲပေးစနစ်ဖြင့် စနစ်တကျမဲပေးနိုင်ထမယ်လို့ စက်တင်ဘာ ၁ ရက်နေ့မှာ စစ်ကောင်စီအစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်း ကောက်ယူခြင်းလုပ်ငန်းများနဲ့ မဲပေးပိုင်ခွင့်ရှိသူအားလုံး စနစ်တကျမှန်မှန် ကန်ကန် မဲပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်လျက်ရှိပြီး  ဆန္ဒမဲပေးရာမှာလည်း လုံခြုံစိတ်ချရတဲ့ အီလက်ထရောနစ်မဲပေးစနစ်ဖြင့် စနစ်တကျမဲပေးနိုင်ရေး ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီများနဲ့ ပတ်သက်ပြီးစနစ်တကျရှိ စေရေးအတွက် လိုအပ်တဲ့ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ပေးသွားမယ်ဆိုပြီးတော့လည်း ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဥပဒေမှာတော့ မဲပေးပိုင်ခွင့်ရှိသူထဲက ဘယ်လောက်ရာခိုင်နှုန်း မဲလာပေးမှ ဒါမှမဟုတ်ဘယ်နှစ်မြို့နယ်ကျင်းပမှ ရွေးကောက်ပွဲဖြစ်မယ်ဆိုတာ ပြဌာန်းမထားတဲ့အတွက် စစ်ကောင်စီအနေနဲ့ သူတို့ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြေရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေတာပါ။

အခုနှစ်ဆန်းပိုင်းတုန်းကလည်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြားက ကောက်ယူခဲ့တဲ့ မြေပြင်လူဦးရေစာရင်းမှာတော့ ပြည်သူတချို့ ပူးပေါင်းပါဝင်တာမရှိပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၈၇ ရာခိုင်နှုန်း ကောက်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြောထားပါတယ်။

စစ်ခေါင်းဆောင်ကတော့ သူတို့ရဲ့ အန္တိမရည်မှန်းချက်ဟာ လွတ်လပ်ပြီး တရားမျှတဲ့ ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်တာကြောင့် နိုင်ငံတဝန်း တည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင်ရွက်သွားရမယ်လို့ အက်ကြောင်းထပ်အောင် ကြွေးကြော်နေတာပါ။

နိုင်ငံဟာသာမန်အခြေအနေမဟုတ်လို့ အာဏာသိမ်းနှစ်နှစ်ပြည့်ချိန် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့အတွက် အရေးပေါ်သက်တမ်း ၆ လ တိုးယူခဲ့ပြီးပေမယ့်လည်း တည်ငြိမ်မှုမရှိတဲ့အတွက် ပြီးခဲ့တဲ့ ကာလုံအစည်းအဝေးကနေ စစ်ကောင်စီက နောက်ထပ် ၆ လ ထပ်မံတိုးယူခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အာဏာရ NLD ပါတီက မဲမသမာမှု ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲပြီး ၂၀၂၁ ခုနစ် ဖေဖော်ဝါလ ၁ ရက်နေ့မှာ အကြမ်းဖက် စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

#politicalnews
#mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly