မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခံရပြီး ၃ ဦး သေဆုံး

By ပါခွီး (မဇ္စျိမ)
04 September 2023
မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခံရပြီး ၃ ဦး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ကို  ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးသွား ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

စက်တင်ဘာလ ၃ ရက်နေ့ ည ၆ နာရီဝန်းကျင်က မြိုင်မြို့နယ်တောင်ပိုင်း စက်မှု(၂)အတွင်းမှ စစ်ကောင်စီ အင်အား ၃၀ ခန့်သည့် ကိုင်းတောမရွာရှိ ရေစက်စောင့်တပ်နှင့် အပြောင်းအလဲပြုလုပ်ပြီး ပြန်လာစဥ် လမ်းတနေရာ၌ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးသည်ကို မျက်မြင်တွေ့ခဲ့ရကြောင်း ဝံပုလွေပြောက် ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မီးပွားကမဇ္စျိမကို ပြောသည်။

“ကျနော်တို့က သူတို့လာမယ်ဆိုတာ မသိဘူး၊ စစ်ကြောင်းထိုးနေတဲ့တပ်ကို စောင့်နေတာ၊ သူတို့ကလည်း စစ်ကြောင်းရှိလို့ Cover ရမယ်ထင်ပြီး ပြောင်းလာတာ၊ သုံးယောက်သေတာ မျက်မြင်တွေ့ခဲ့တာပါ” ဟု ၎င်းးက ဆိုသည်။

စစ်ကောင်စီတပ်သားများလိုက်ပါလာသည့်ကားကို ၁၀ မိနစ်ကြာ အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြန်မပစ် နိုင်ဘဲ ကားထဲတွင် ဝပ်နေကြကြောင်း ၎င်းကဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင် ပကဖ တပ်ရင်း(၃) တပ်ခွဲ(၁) ၊ Cobra တပ်ဖွဲ့ (မြိုင်) ၊ Myaing Under Ground Defence Force (MUGDF) နှင့် မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(မြိုင်ပကဖ တပ်ရင်း(၁) တပ်ခွဲ(၂) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ အထိအခိုက် မရှိကြောင်း ဆိုသည်။

သေဆုံးသွားသည့် စစ်ကောင်စီတပ်သား သုံးဦးကို စက်တင်ဘာလ ၄ ရက် ယနေ့ နံနက်ပိုင်းတွင် ချိုင် ဇောက်ရွာသင်္ချိုင်း၌ လာရောက်မြှုပ်နှံသွားကြောင်း ဗိုလ်မီးပွားက ဆက်ပြောသည်။

မြိုင်မြို့နယ်အတွင်း အင်အား ၁၅၀ ခန့်ဖြင့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလျက်ရှိနေပြီး ယနေ့ စက်တင်ဘာလ ၄ ရက်နေ့တွင် သရက်ကွ(ပျူစောထီး)ရွာအနီးသို့ရောက်နေကာ အုပ်စုသုံးစုခွဲပြီး သွား နေသဖြင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ပြော သည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly